အကြမ်းဖက်ဗွီဒီယိုများ ကြည့်ရှုနေသည်ဟုဆိုကာ ကမ္ဘာလှည့်အယောက်၂၀အုပ်စုကို တရုတ်ဖမ်းဆီး

အကြမ်းဖက်ဗွီဒီယိုများ ကြည့်ရှုနေသည်ဟုဆိုကာ ကမ္ဘာလှည့်အယောက်၂၀အုပ်စုကို တရုတ်ဖမ်းဆီး

ပေကျင်း၊ ဇူလိုင်-၁၅ ။     ။ ဗြိတိန် နိုင်ငံခြားရေးရုံးနှင့် တောင်အာဖရိက ကုသိုလ်ဖြစ်အဖွဲ့တို့မှ ပေးပို့လာသည့် သတင်းများအရ ဗြိတိန်၊ တောင်အာဖရိကနှင့် အိန္ဒိယနိုင်ငံသားများပါဝင်သည့် နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည် အယောက်၂၀ အုပ်စုတစ်စုကို ၎င်းတို့အနက် အချို့မှာ အကြမ်းဖက်အုပ်စုတစ်စုနှင့် အဆက်အသွယ်ရှိသည်ဟူသော သံသယဖြင့် တရုတ်နိုင်ငံမြောက်ပိုင်းတွင် ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

တရုတ်နိုင်ငံက ကမ္ဘာလှည့် ၁၁ဦးကို လွှတ်ပေးရန် သဘောတူပြီးဖြစ်သော်လည်း ကျန်လူများကိုမူ မည်သည့်စွဲချက်မျှမရှိဘဲ အတွင်းမွန်ဂိုလီးယားရှိ ထိန်းသိမ်းရေးဌာနတစ်ခုတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု တောင်အာဖရိက ကုသိုလ်ဖြစ်အဖွဲ့ အစည်းတစ်ခုဖြစ်သည့် Gift of the Givers Foundation က ပြောကြားခဲ့သည်။

ဖမ်းဆီးထားသူများအနက် အချို့မှာ ၎င်းတို့၏ ဟိုတယ်အခန်းထဲတွင် ပိတ်ပင်ထားသည့် အုပ်စုတစ်စုမှ ဝါဒဖြန့်ဗွီဒီယိုများကို ကြည့်ရှုနေခဲ့ကြသည်ဟု တရုတ်အာဏာပိုင်များက ပြောကြားကြောင်းလည်း အဆိုပါ ကုသိုလ်ဖြစ်အဖွဲ့ ၏ကြေညာချက် တွင်ဖော်ပြထားသည်။ တောင်အာဖရိကနိုင်ငံသား ၅ယောက်၊ ဗြိတိန်နိုင်ငံသား ၃ယောက်နှင့် အိန္ဒိယနိုင်ငံသား ၁ယောက် စုစုပေါင်း ၉ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်။  

 ‘ကောင်စစ်ဝန်ရုံးက ဝန်ထမ်းတွေဟာ အဖမ်းခံရတဲ့အုပ်စုကို သွားတွေ့ခဲ့ပြီး ဘယ်လိုအကူအညီပေးနိုင်မလဲဆိုတာ တရုတ် အာဏာပိုင်တွေနဲ့ ညှနှိုင်းနေပါတယ်’’ဟု ဗြိတိသျှနိုင်ငံခြားရေးရုံးမှ ပြောခွင့်ရပုဂ္ဂိုလ်က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါ ကမ္ဘာလှည့် အယောက်၂၀အုပ်စုမှာ တရုတ်နိုင်ငံကို ၄၇ရက်တာခရီးလှည့်လည်နေစဉ် အတွင်းမွန်ဂိုလီးယားမြို့တော် အာဒို့စ်အရောက်တွင် ရုတ်တရက် အဖမ်းခံခဲ့ရခြင်းပင်ဖြစ်သည်။ ‘ဒီကမ္ဘာလှည့် တစ်ဦးချင်းစီဟာ ဘယ်အကြမ်းဖက် အုပ်စုနဲ့မှ လည်း အဆက်အသွယ်မရှိသလို၊ သူတို့နိုင်ငံမှာလည်း ဘာပြစ်မှုမှတ်တမ်းမှ မရှိပါဘူး’’ဟု အဖမ်းခံရသူများ လွတ်မြောက်ရေး အတွက် စေ့စပ်ညှိနှိုင်းနေသည့် Gift of the Givers အဖွဲ့က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly