"လူ့အခွင့်အရေး ကော်မရှင်ဥပဒေကို ပြန်ပြင်ဆင်သင့်တယ်"

"လူ့အခွင့်အရေး ကော်မရှင်ဥပဒေကို ပြန်ပြင်ဆင်သင့်တယ်"

 လူ့အခွင့်အရေးကော်မရှင်ဥပဒေတွင် အားနည်းချက်များရှိနေသဖြင့် ပြင်ဆင်သင့်သည်ဟု ထင်ရှားသည့် တက်ကြွလှုပ်ရှားသူတစ်ဦးက ထောက်ပြသည်

ဖြိုးသီဟချို  (Myanmar Now)

            ရန်ကုန်(Myanmar Now) - ဦးအောင်မျိုးမင်းသည် လူ့အခွင့်အရေး ပညာပေးအဖွဲ့အစည်း ဖြစ်သည့် Equality Myanmar ၏ ဦးဆောင်ညွန်ကြားရေးမှူး ဖြစ်သည်။ ပြည်ပတွင် ၂၃ နှစ်ကြာနေ ထိုင်ပြီး ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆောင်ရွက်စဉ် နိုင်ငံတကာဆု အများအပြား ရရှိခဲ့သူ ဦးအောင်မျိုးမင်းသည်၂ဝ၁၃ တွင်  မြန်မာနိုင်ငံသို့  ပြန်လည်ရောက်ရှိလာခဲ့ပြီး လူ့အခွင့်အရေး လုပ်ငန်း များ ဆက်လက် လုပ်ကိုင်ခဲ့သည်။

            မကြာသေးမီက Myanmar Now နှင့် တွေ့ဆုံစဉ် ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုး ဖောက်မှုကို ကော်မရှင်ကကိုင်တွယ်ပုံ၊ ကော်မရှင်ဥပဒေတို့နှင့် ပတ်သက်ပြီးပြောပြထားသည်။

            မေး - လူ့အခွင့်အရေးကော်မရှင်ကို ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်မယ်ဆိုရင် ဘယ်လိုပုဂ္ဂိုလ်တွေ ပါသင့်ပါသလဲ။

            ဖြေ - လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ဥပဒေ၊ နိုင်ငံတကာဥပဒေ၊ ပြည်တွင်းဥပဒေတွေကို ကျွမ်းကျင်မယ့်သူတွေဖြစ်ဖို့လိုအပ်ပါတယ်။ နောက်တစ်ချက်ကလူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ တကယ့်ကိုကြိုးပမ်းလုပ်ဆောင်ခဲ့ဖူးတဲ့ အတွေ့အကြုံလိုအပ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရပ်တည်တဲ့ လူမျိုးက အောက်သက်ကြေပြီးသားဖြစ်မယ်၊ ဒါမျိုးတွေကိုသိထားတဲ့အခါ ဘယ်ဟာတွေက ထူးထူး ခြားခြား ဆိုးရွားလာသလဲ၊ ဘာတွေကို အရေးပေါ်ဆောင်ရွက်သင့်သလဲဆိုတဲ့ အမြင်လေးတွေက လည်း ရှိလာမှာဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုတာစာပဲကြေညက်နေလို့ မရဘူး၊ အပြင်လောကကို လည်း ကြည့်ဖို့လိုအပ်ပါတယ်။ နောက်ထပ်အရေးကြီးတာကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် လုပ်ဆောင်ချင်တဲ့ အာသီသ ပြင်းပြတဲ့၊ လူ့အခွင့်အရေးအတွက် ရပ်တည်မယ်ဆိုတဲ့ စိတ်ဓာတ်ပိုင်ရှင် တွေ ဖြစ်ဖို့လိုအပ်ပါတယ်။ တစ်ခါတလေမှာသိတယ်၊ တတ်တယ်၊ဒါပေမယ့် မပြောရဲဘူး၊ ဒီအလုပ်ကို လုပ်တဲ့အခါမှာ ငါ့အတွက် တာဝန်တွေများသွားမလားဆိုပြီးတော့ ကြောက်နေသမျှ ကာလပတ်လုံး လူ့အခွင့်အရေးအတွက် ရပ်တည်ရဲမှာမဟုတ်ဘူး။ ပြန်ပြောရမယ်ဆိုရင် ဗဟုသုတရှိဖို့၊ အတွေ့အကြုံ ရှိဖို့လိုတယ်၊ လူ့အခွင့်အရေးနဲ့ပတ်သက်လာရင် အမှန်တရားကိုရင်ဆိုင်ရဲတဲ့သူဖြစ်ဖို့လိုတယ်။

            မေး - လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ရွေးချယ်ပုံအကြောင်း သုံးသပ်ပြပါဦး။

            ဖြေ - ရွေးချယ်ရေးကော်မတီဆိုတာသီးသန့်ရှိတယ်။ ကော်မတီမှာဌာနဆိုင်ရာတွေ၊ အရပ် ဖက်တွေ ပါသလိုလွတ်တော်ကိုယ်စားလှယ်တွေလည်းပါတယ်။ သူတို့ကနေမှ ရွေးချယ်တင်မြှောက် ပြီးတော့ သမ္မတကနေပြန်ပြီးခန့်အပ်တဲ့ ပုံစံမျိုးရှိရမယ်လို့  ပြောထားတယ်။ ပြီးခဲ့တဲ့ ကော်မရှင်အဖွဲ့ဝင် ရွေးချယ်တဲ့ ပြဿနာကဘာလဲဆိုတော့ ရွေးချယ်ရေးကော်မတီမှာ ဘယ်သူတွေပါမှန်း၊ ဘယ်သူတွေ ကနေ ရွေးချယ်လိုက်မှန်း မသိလိုက်ဘူး။ သမ္မတက ခန့်အပ်လိုက်တဲ့ စာရင်းထွက်လာမှပဲ ဒီလူတွေပါ တာကိုသိရတယ်။

          ရွေးချယ်မှုလုပ်ငန်းစဉ်ကိုယ်တိုင်ကရှိပြီးသားဥပဒေအတိုင်းမလုပ်ကိုင်တာကိုတွေ့ရပါတယ်။ အင်ဒိုနီးရှားမှာဆိုရင် ဘယ်လိုလူတွေပါဝင် သင့်တယ်ဆိုတဲ့ ဟာကိုအရင် ချမှတ်တယ်၊ ပြီးတော့ အဲဒီ အချက်တွေနဲ့ ပြည့်စုံပြီးတော့ ဘယ်သူတွေဖြစ်သင့်လဲဆိုတဲ့အကြံပြုချက်ကို ပြည်သူလူထုကနေ တင်ခွင့်ရှိတယ်။ အဲဒီထဲကနေမှ ရွေးချယ်ရေးကော်မတီက ပြန်ပြီးတော့ ရွေးချယ်တယ်။ လူထုကစလာ တယ်၊ ပြီးတော့မှ ဘယ်သူ့ကိုကန့်ကွက်စရာရှိလဲ၊ဘယ်သူတော့ ဖြစ်သင့်လဲဆိုပြီးတော့ လူထုကိုပြန်ပြီး တော့ ချပြတယ်၊နောက်ဆုံးမှ ဒါကိုသမ္မတကခန့်အပ်ခွင့်ပဲရှိပါတယ်။ အခု (မြန်မာပြည်မှာ) ဖြစ်တဲ့ ပြဿနာကမိုးကျရွှေကိုယ်လိုဘယ်ကမှန်းမသိ၊ သူတို့ရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုရှိမရှိ။ ဒါတွေကြောင့် လူ့အခွင့်အရေးကော်မရှင်ဥပဒေကို ပြန်ပြင်ဆင်သင့်တယ်လို့ ပြောချင်တာပါ။ သူချ မှတ်ထားတဲ့ ဥပဒေအပေါ်ကိုတောင် သူကိုယ်တိုင် မလိုက်နာခဲ့တဲ့ သဘောဖြစ်နေတယ်။ ထုံးစံအ တိုင်းပဲ ဒီနေရာမှာ ဘယ်သူဖြစ်သင့်လဲဆိုတဲ့ အထက်ကချမှတ်ပေးတဲ့ အကျင့်၊ အာဏာပိုင်တွေက ချမှတ်ပေးတဲ့အကျင့်ဆိုတာမျိုးတွေရှိနေတယ်။ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေးကဏ္ဍတွေ အားလုံးမှာတွေ့နေရတယ်။ ကော်မရှင်မှာလည်း သူတို့အတွက် အန္တရာယ်မရှိတဲ့လူတွေကို ထားထား တဲ့ သဘောမျိုးဖြစ်တယ်။

            မေး - ကော်မရှင်အဖွဲ့ဝင်တွေကိုဘယ်လိုလူတွေကရွေးချယ် သင့်ပါသလဲ။

            ဖြေ -သမာသမတ်ကျတဲ့လူမျိုးတွေ၊ ပုဂ္ဂိုလ်စွဲမပါဘဲ၊ သူ့အရည်အချင်းနဲ့ နောက်ကြောင်း ရာဇ ဝင်တွေသိပြီးတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့ လူမျိုးဖြစ်ဖို့လိုပါတယ်။ လူ့အခွင့်အရေးကော် မရှင်မှာ အလွှာစုံဖို့လိုအပ်ပါတယ်။ ကျား၊ မရေးရာ၊ တိုင်းရင်းသားရေးရာ၊ မတူကွဲပြားတဲ့လူတွေရဲ့ ရေးရာအရအဲဒီကကိုယ်စားပြုတဲ့လူတွေပေါ့။ ပြီးတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်ကလူတွေ ပါဝင်ဖို့လိုအပ်ပါတယ်။  အရပ်ဖက်အဖွဲ့အစည်းတွေပါဝင်ဖို့ မဖြစ်မနေလို အပ်ပါတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေကလူထုနဲ့ အမြဲတန်းတွေ့နေရတော့ လူထုရဲ့ ဆန္ဒတွေကို သိတယ်။

            မေး - ကော်မရှင်အဖွဲ့ဝင်တွေကိုဒုဝန်ကြီးအဆင့် သတ်မှတ်တာနဲ့ ပတ်သက်ပြီး ဘာပြောချင် ပါသလဲ။

            ဖြေ -  ဥက္ကဋ္ဌနဲ့ဒုတိယဥက္ကဋ္ဌအဆင့်ကိုဝန်ကြီးနဲ့ဒုတိယဝန်ကြီးအဆင့်ပေးပြီးတော့ ကျန်တဲ့ အဖွဲ့ဝင်တွေကိုဌာနမှုးတာဝန်တွေပေးလိုက်ရင် ပိုပြီးတော့ရှင်းပါလိမ့်မယ်။ ခုဖြစ်နေတာက အကုန်လုံး က ဒုဝန်ကြီးတွေပဲဖြစ်နေတယ်၊တစ်ယောက်နဲ့ တစ်ယောက်အဆင့်တန်းတူတွေဖြစ်နေတယ်။ အရှိန်အ ဝါ အရတချို့က မာနတွေတက်နေတဲ့သဘောမျိုးလည်းတွေ့ရတယ်။ တိုင်းပြည်ဘဏ္ဍာငွေတွေလည်း အများကြီးဆုံးရူံးပါတယ်။ ငွေကြေးတွေပေးမယ့် အစားလုပ်ပိုင်ခွင့်တွေ ပိုတိုးသင့်ပါတယ်။

            မေး - အစိုးရစရိတ်နဲ့အဆောင်အယောင်တွေကိုယူထားတော့ သီးခြားလွတ်လပ်တဲ့ ကော်မ ရှင်လို့ ပြောလို့ရနိုင်ပါ့မလား။

          ဖြေ - ဒါထောက်ပြစရာပါ၊ အစိုးရဆန် စားနေရတယ်ပေါ့။ ဒါပေမယ့် လူ့အခွင့်အရေးကော်မ ရှင်ရဲ့ သဘောကိုက အဲဒီအတိုင်းဖြစ်နေတယ်။ အစိုးရနဲ့လည်း ပူးပေါင်းဆောင်ရွက်ရမယ်၊ လွတ်လပ်တဲ့ ပုံစံမျိုးလည်း ရှိရမယ်။ ဒါပေမယ့် တကယ်လုပ်ဆောင်တဲ့လူတွေ စိတ်ထားက သူ့ဆန်စားပေမယ့် သူပြောတဲ့အတိုင်း ရဲစရာမလိုဘူး။ ငါတို့တာဝန်က ပြည်သူ့အတွက် ဖြစ်ရမယ်ဆို ရင်တော့၊ စိတ်ဓာတ်မျိုးရှိရင်တော့ အဲဒီပြဿနာမရှိပါဘူး။ အခုက အရင်ကထက် နည်းနည်းပိုကောင်း ပါတယ်။ အရင်ကဆိုရင် သမ္မတရုံးအောက်မှာလူ့အခွင့်အရေးကော်မရှင်ကရှိနေတာ၊သူ့ရဲ့ ကုန်ကျငွေ တွေကိုတောင်မှ သမ္မတရုံးကနေတင်ပေးရတယ်။ ဒါကြောင့် လွှတ်တော်က ဒါမျိုးမဖြစ်သင့်ဘူး ဆိုပြီး တော့ ဒီကော်မရှင်ကိုဥပဒေအရဖွဲ့ပါ၊သမ္မတခန့်တာမျိုးမဖြစ်ပါနဲ့ဆိုပြီးထောက်ပြခဲ့တယ်။ ဒါကြောင့် ဥပဒေသစ် ပေါ်လာခဲ့တယ်။ ခုကျတော့ သူတို့သုံးမယ့်ဘက်ဂျက်ကိုလွှတ်တော်မှာတင်ပြီးတော့ လွှတ်တော်က ခွင့်ပြုမယ်ဆိုတော့ check and balance (အပြန်အလှန်ထိန်းကျောင်းမှု)တော့ အရင်က ထက်စာရင် ပိုအားကောင်းလာတယ်။

            မေး -ပြီးခဲ့တဲ့နှစ်တွေအတွင်းကော်မရှင်ကစစ်ဆေးထားတဲ့ အမှုတွေကို ပြန်ကိုင်တွယ်သင့် သလား။

            ဖြေ - (မကြာသေးခင်က)ဦးဝင်းမြကခုမှ လွတ်လွတ်လပ်လပ် လုပ်နိုင်တာ သုံးလပဲ ရှိပါသေး တယ်လို့ လွှတ်တော်မှာပြောသွားတာရှိပါတယ်။ ဒါအစိုးရသစ်တက်တဲ့အချိန်မှ လုပ်ပိုင်ခွင့်ရတဲ့ သဘောမျိုးဖြစ်နေတယ်။ အရင်တုန်းက ဟာတွေကမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ မဖြစ်ခဲ့တဲ့ဟာတွေ၊ နစ်နာမှုတွေရှိတယ်။ ဒါမျိုးတွေဆိုရင်တော့ အယူခံဝင်တဲ့ သဘောမျိုးနဲ့ ပြန်တိုင်တဲ့ လုပ်ငန်းစဉ်တော့ ရှိသင့်ပါတယ်။ စနစ်ကိုယ်တိုင်ကမှားနေတယ်၊ကျင့်ထုံးကိုယ်တိုင်ကလွဲနေတယ်ဆိုရင်တော့ ပြန်ပြီး လုပ်သင့်ပါတယ်။ အားနည်းချက်ကလူလည်းလွဲနေတယ်။ တချို့နေရာတွေမှာသူနဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်တွေကလည်း အားနည်းနေတာကြောင့် မပြီးပြတ်သေးတဲ့ အမှုတွေလည်းရှိနေတယ်။

            မေး - ကော်မရှင်ဥပဒေမှာ ပြဋ္ဌာန်းထားချက်အရဆိုရင် ကော်မရှင်က ထိထိရောက်ရောက် လုပ်ကိုင်နိုင်တဲ့ အနေအထားမှာ ရှိသလား။

            ဖြေ - ကော်မရှင်ရဲ့ ဥပဒေအရဆိုရင်တော့ လုပ်ပိုင်ခွင့်နှစ်ခုလုံးတောင် ပေးထားပါတယ်။ တစ်ခုကကာကွယ်ရေး၊ တစ်ခုက မြှင့်တင်ရေး။လူ့အခွင့်အရေးကိစ္စဖြစ်မယ်လို့ စိုးရိမ်ရတဲ့ အခြေအနေ မှာတောင် ဝင်ရောက်ပြီးစုံစမ်းစစ်ဆေးနိုင်တဲ့ သဘောမျိုးပေါ့။ ဥပမာပြဿနာ မဖြစ်သေးဘူး၊ တင်းမာမှု တွေဖြစ်တယ်၊ အဲဒီအချိန်မှာတောင်မှ လူ့အခွင့်အရေးကေ်ာမရှင်ကဝင်ရောက်စုံစမ်းပြီးတော့ အစိုးရကို တင်ပြနိုင်အောင်လုပ်ထားတာတွေကတော့ ကောင်းတယ်။ အားနည်းချက်တွေကတော့ ဥပမာ-အကျဉ်းထောင်မှာ သွားရောက်စုံစမ်းပိုင်ခွင့်ရှိတယ်၊ ဒါပေမယ့် ကြိုတင်အကြောင်းကြားရမယ် ဆိုတာ မျိုးနဲ့ ပြန်ပြီးတော့ ကန့်သတ်ထားတာရှိနေတယ်။ သွားတော့သွား၊ ကြိုသိထားတဲ့အတွက် တကယ်ဖြစ် နိုင်တဲ့ အဖြစ်မှန်တွေရပါ့မလား။ ကြိုတင်ပြင်ဆင်ပြီးတော့ မှားယွင်းတဲ့ သတင်းတွေပေးတာမျိုးရော မဖြစ်နိုင်ဘူးလား။ နောက်တစ်ခုကတရားရုံးမှာစုံစမ်းနေတဲ့ ကိစ္စတွေကိုစုံစမ်းပိုင်ခွင့်မရှိဘူးလို့ ပြောတယ်။ တရားစီရင်နေတဲ့ ကာလမှာတရားရေးစနစ်၊ တရားသူကြီးကြောင့် လူတစ်ယောက်မှာ နစ်နာ ချက်တွေရှိလာရင် မကိုင်တွယ်တေ့ာဘူးလား။

          နောက်တစ်ခုကအစိုးရအဖွဲ့ကတာဝန်ရှိသူကိုမေးမြန်းခွင့်ရှိတယ်လို့ ပြောတယ်။ ဒါပေမယ့် အစိုးရကထိပ်တန်းလျှို့ဝှက်ချက်လို့ ပြောထားတဲ့အချက်တွေကိုတော့မေးမြန်းပိုင်ခွင့်မရှိဘူး။ တစ်ဖက်မှာ တော့ပြထားတယ်၊ တကယ်တမ်းကျတော့ ပြန်ချုပ်ထားတဲ့အချက်တွေဖြစ်နေတယ်။ အဆိုးဆုံးကတော့ ချိုးဖောက်တယ်လို့ ကော်မရှင်ကနေသတ်မှတ်တဲ့ လူ့အခွင့်အရေးကိစ္စတစ်ခုကို သက်ဆိုင်ရာဝန်ကြီးဌာနတစ်ခုကိုလွှဲပြောင်းပေးအပ်မယ်၊အဲဒီဝန်ကြီးဌာနကနေရက်ပေါင်း၃ဝအတွင်းမှာ ပြန်ကြားရမယ်ဆိုတာပဲပါတယ်၊မဖြစ်မနေဆိုတာမျိုးမပါဘူး။ မပြန်ကြားခဲ့ဘူးဆိုရင် ဘယ်လိုမျိုးဖိ အားပေးဆောင်ရွက်နိုင်တယ် ဆိုတဲ့ လုပ်ပိုင်ခွင့်ကိုမပေးထားဘူး။ ပူးပေါင်းဆောင်ရွက်မှုကောင်းတဲ့ ဌာနဆိုရင်တော့ ရက်၃ဝအတွင်းမှာအဆင်ပြေသွားနိုင်တယ်၊ အားမကောင်းတဲ့ အဖွဲ့ဆိုရင် မလုပ် လည်းဘာကိစ္စမှ မရှိဘူး၊ဂရုစိုက်စရာမလိုဘူးဆိုတဲ့ စိတ်ထားမျိုးဖြစ်အောင် ဥပဒေမှာ အားနည်းချက် တွေ ရှိနေပါတယ်။

            မေး - ကော်မရှင်အဖွဲ့ဝင်တွေကို တာဝန်ကနေ အနားပေးနိုင်တဲ့ အချက်တွေရော ဥပဒေမှာ ပေးထားတာ တွေ့ရသလား။

            ဖြေ- ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ၊ သူ့ရဲ့လုပ်ကိုင်နိုင်မှုအနေအထား၊ အစိုးရနဲ့ လွှတ်တော်က နေ ဒီလူတစ်ယောက်ကတာဝန် ထမ်းဆောင်နိုင်ဖို့အနေအထားမရှိသင့်တော့ဘူးလို့ ဆုံးဖြတ်တယ် ဆိုရင်တော့ ထုတ်ပယ်လို့ ရတယ်။ ဒါပေမယ့် တစ်ဖက်မှာဘာနဲ့ ပြန်လည်ကာကွယ်ထားလဲဆိုတော့ သူတို့ စီရင်တဲ့ အမှုတွေမှာသဘောရိုးနဲ့လုပ်ဆောင်တယ်ဆိုရင်တော့ အရေးယူလို့ မရနိုင်ဘူးလို့ ဥပဒေထဲမှာထည့်ထားတယ်။ အဲဒါနှစ်ခုကကွဲလွဲနေတာပေ့ါ။ ဒါကြောင့် အခုအင်းဝကိစ္စမှာ သဘော ရိုးဆိုပြီး ပြန်ခြေပနေတာကို တွေ့ရပါတယ်။

            မေး - လူ့အခွင့်အရေးကော်မရှင်ဆိုတာ ဘာအတွက် ဖြစ်ရမလဲ။

        လူ့အခွင့်အရေးကော်မရှင်ဆိုတာတိုင်းပြည်အတွက် အလွန်အားကောင်းတဲ့အချက်ဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်ရင် အမြင့်ဆုံးတိုင်ကြားနိုင်တဲ့နေရာ၊လူထုအတွက် တကယ်တမ်း ကာကွယ် ပေးနိုင်တဲ့ နေရာဖြစ်ပါတယ်။ ဒါပေမယ့် ကော်မရှင်ရဲ့ လုပ်ဆောင်မှုတွေဟာ လူထုကိုစိတ်ပျက်စေ တယ်၊ ယုံကြည်မှုပျက်စေတဲ့ ကိစ္စတွေပိုများနေပါတယ်။ ဥပမာ-တိုင်ကြားတယ်၊ အရေးယူတာမရှိဘူး။ ပညာပေးတယ်ဆိုပြီးဒါနဲ့ပတ်သက်ပြီးအစီရင်ခံစာထဲမှာထည့်သွင်းထားတာမတွေ့ရဘူး။သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါမှာကော်မရှင်ဝင်တွေရဲ့ စည်းမဲ့ကမ်းမဲ့   ပြောကြားချက်တွေက လူ့အခွင့်အရေးကော် မရှင်ဟာ ဒီလိုပါလားဆိုပြီးတော့ လူထုကလေးစားရမယ့်အစားရွံရှာမှုကိုဖြစ်ပေါ်စေပါတယ်။ ဒါက ဘယ်တိုင်းပြည်မှာမှ မရှိသင့်သလို ကျွန်တော်တို့ တိုင်းပြည်မှာလည်းမရှိသင့်ပါဘူး။ လူ့အခွင့်အရေး ကော်မရှင်လို့ ပြောလိုက်တာနဲ့ တကယ်တမ်းလုပ်ဆောင်မယ့်လူတွေပါဝင်တဲ့အဖွဲ့ဆိုတဲ့ ပုံရိပ်ကောင်းမှ လူတွေကပူးပေါင်းဆောင်ရွက်မှု အားကောင်းမယ်။ ကော်မရှင်နဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှုကောင်းမှ ကောင်းမွန်တဲ့ အစိုးရကို ထူထောင်နိုင်မယ်၊ တိုင်ကြားမှု အပိုင်းမှာလည်း အားကောင်းလာမယ်။ ဒါပေမယ့် တစ်ဖက်မှာအားနည်းတဲ့အတွက် ကျန်တဲ့အ ပိုင်းမှာလည်း လျော့နေတာကို စိတ်မကောင်းစွာနဲ့ တွေ့ရပါတယ်။      ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly