ဆောက်လုပ်ရေး လုပ်ငန်းများ စိစစ်ရေး အဆို တိုင်းလွှတ်တော်တွင် ဆွေးနွေးမည်

ဆောက်လုပ်ရေး လုပ်ငန်းများ စိစစ်ရေး အဆို တိုင်းလွှတ်တော်တွင် ဆွေးနွေးမည်
ဓာတ်ပုံ-မဇ္ဈိမ

ရန်ကုန်၊ အောက်တိုဘာ ၁၂ ။                ။ မြန်မာနိုင်ငံအတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းများကို အနီးကပ် ကြီးကြပ် စစ်ဆေးရေး အဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ယခုလအတွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသက် ထွန်းဝင်းက တိုင်းဒေသကြီး လွှတ်တော်တွင် အောက်တိုဘာလ ၁၂ရက်န့က အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ "မြန်မာနိုင်ငံအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ငန်းခွင်တွင် စံချိန်စံညွှန်းပြည့်မှီစွာ အနီး ကပ် အဆင့်ဆင့် ကြီးကြပ်စစ်ဆေးရန် တတိယပါတီ(Third Party) ထားရှိဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော် အခွန် ဘဏ္ဍာတိုးတက်ရရှိအောင် ဆောင်ရွက်ပေးနိုင်ကြောင်း" အဆို နှင့် ပတ်သက်ပြီး လွှတ်တော်တွင် ဆက်လက် ဆွေးနွေးရန်သင့်မသင့် ဆုံးဖြတ်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဆိုရှင်တို့ အကြား ငြင်းခုံမှုဖြစ်ပွားခဲ့ပြီး လွှတ်တော်၌ မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

"ဆောက်လုပ်ရေး လုပ်ငန်းများဖြစ်တဲ့အတွက်ကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနဟာ ပြည်ထောင်စုအဆင့် ဖြစ်နေပါတယ်။ အဲ့ဒီအဆိုဟာ အဆိုတင်မယ့်အစား မှတ်တမ်းတင်ထားပြီး ပြည်ထောင်စုအဆင့် တင်နိုင် မယ် ဆိုရင် ပိုကောင်းမယ်လို့ထင်ပါတယ်" ဟု စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြောသည်။

ထိုသို့ ပြောကြားချက်ကို မူလအဆိုတင်သွင်းသူ ဦးသက်ထွန်းဝင်းက လက်မခံဘဲ တိုင်းလွှတ်တော်တွင် အ တည်ပြု ဆွေးနွေးပြီး လိုအပ်မှသာ ပြည်ထောင်စုအဆင့်သို့ ဆက်လက်ပေးပို့စေလိုကြောင်း ပြောကြားခဲ့သည်။

" ဒီအဆိုကို လွှတ်တော်မှာပဲ ဆွေးနွေးစေချင်ပါတယ်။ ဆွေးနွေးပြီးမှ ဆုံးဖြတ်စေချင်ပါတယ်" ဟု ဦး သက်ထွန်း ဝင်းက ပြောသည်။

ယင်းသို့ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အဆိုကို ဆွေးနွေးရန်သင့်မသင့် မဲခွဲဆုံးဖြတ်ရာ လွှတ် တော်ကိုယ်စားလှယ် ၄၉ ဦး ထောက်ခံ မဲပေးခသည့်အတွက်  အောက်တိုဘာ ၂၁ ရက်တွင် ဆွေးနွေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly