နိုင်ငံတွင် ဆေးလိပ်မသောက်ရ ဥပဒေတစ်ရပ် ပြဌာန်းရန် ဖိလစ်ပိုင် စီစဉ်နေ

နိုင်ငံတွင် ဆေးလိပ်မသောက်ရ ဥပဒေတစ်ရပ် ပြဌာန်းရန် ဖိလစ်ပိုင် စီစဉ်နေ

အောက်တိုဘာ ၁၂ ။                 ။ အများပြည်သူနှင့် သက်ဆိုင်သောနေရာများ၌ ဆေးလိပ်သောက်ခွင့် ပိတ်ပင်သွားမည့် နည်းဥပဒေတစ်ရပ်ကို ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက မကြာမီ အတည်ပြုလက်မှတ်ရေး ထိုးသွားမည်   ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံတွင် ဆေးရွက်ကြီးထုတ်လုပ်ရောင်းချနေမှုများအပေါ် ဆန့်ကျင်ကန့်ကွက်နေခဲ့သည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များကလည်း ယင်းအစီအစဉ်ကို ကြိုဆိုထောက်ခံခဲ့ကြပြီး နိုင်ငံကို တင်းတင်းကျပ်ကျပ် အုပ်ချုပ်နေသော သမ္မတ ဒူတာတေးအနေဖြင့် ယခု နည်းဥပဒေကို အတည်ပြုလက်မှတ်ရေးထိုးပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောဆိုသွားကြသည်။

ယခုအဆိုပြုထားသော နည်းဥပဒေအရ လူစည်ကားရာနေရာများတွင် ဆေးလိပ်သောက်ခွင့် ပိတ်ပင်တားမြစ်သွားမည်ဖြစ်သည်။

ယခု ဥပဒေကို အောက်တိုဘာလကုန်တွင် အတည်ပြုနိုင်ရန်နှင့် လာမည့်လတွင် စတင်ကျင့်သုံးနိုင်ရန် မျှော်လင့်ထားကြောင်းလည်း ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီး ပေါလင်ဂျီးရိုဆယ်က ပြောသည်။

" ဒီ တားမြစ်ချက်အရတော့ ပန်းခြံတွေ၊ ဘတ်စ်ကားဂိတ်တွေ၊ ကားတွေမှာ ဆေးလိပ်သောက်ခွင့် ပိတ်ပင်သွားမှာဖြစ်ပါတယ်၊ ကားတွေထဲမှာ အများပြည်သူတွေ စီးနင်းလိုက်ပါနေတဲ့ ကားတွေကိုသာပဲ ဒီဥပဒေကျင့်သုံးသွားမှာဖြစ်ပါတယ်၊ ဒါ့အပြင် ဆေးလိပ်သောက်ခွင့်ပေးမယ့်နေရာတွေကိုလည်း အဆောက်အအုံတွေရဲ့ ပြင်ပ အနည်းဆုံး ၁၀ မီတာ ကွာတဲ့နေရာတွေမှာ သတ်မှတ်ထား ရှိပေးသွားဖို့ ရှိနေပါတယ်" ဟု ၎င်းက ပြောကြားသွားသည်။

အရှေ့တောင်အာရှ၏ ဒုတိယမြောက်လူဦးရေအထူထပ်ဆုံးသော ဖိလစ်ပိုင်နိုင်ငံတွင် လူငယ်လူဦးရေ၏ သုံးပုံပုံတစ်ပုံ နီးပါး သို့မဟုတ် လူပေါင်း ၁၇ သန်းခန့်မှာ   ဆေးလိပ်သောက် သုံးနေ ကြကြောင်းနှင့် ဒေသတွင်း အင်ဒိုနီးရှားပြီးလျင် ဒုတိယအများဆုံးနှုန်းထားဖြစ်ကြောင်း အရှေ့တောင်အာရှဆေးရွက်ကြီး ထိန်းချုပ်ရေးအဖွဲ့၏ ၂၀၁၄ ခုနှစ် ထုတ်ပြန်ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly