ကျူးကျော်တဲမှ အမျိုးသမီးများရဲ့ အိပ်မက်များ

12 October 2016
ကျူးကျော်တဲမှ အမျိုးသမီးများရဲ့ အိပ်မက်များ

ရန်ကုန်မြို့မှာ ဒေသအသီးသီးက လာရောက်နေထိုင်ကြသူတွေနဲ့ လူဦးရေ သိပ်သည်းဆ များပြားလာတာကို တွေ့ရမှာပါ။ ထို့အတူပါပဲ နေရာအတော်များများမှာ ကျူးကျော်နေထိုင်သူတွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပါတယ်။ ဒီကျူးကျော်တဲတွေမှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေကို တွေ့ဆုံကြည့်တဲ့အခါမှာတော့ သူတို့ရဲ့ မျှော်လင့်ချက်အိပ်မက်တွေ ခက်ခက်ခဲခဲရုန်းကန်နေရမှုတွေကို သိလိုက်ရပါတယ်။

ကျူးကျော်တဲတစ်ခုမှာ နေထိုင်တဲ့ “ဒေါ်အေးသန်း” ဒီနေရာကိုရောက်ခဲ့တာ အခုဆိုရင် လေးနှစ်ကျော်ပါပြီ။ ခုချိန်မှာတော့ သားတွေ သမီးတွေ မြေးတွေနဲ့ပါ။ လွန်ခဲ့တဲ့တစ်နှစ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီတို့ သူ့အိမ်ကို ရောက်ရှိလာပါသေးတယ်။

ဒေါ်အေးသန်း

“အဖြစ်ချင်ဆုံးဆန္ဒက ဘာဖြစ်ချင်လဲလို့ သူက မေးသွားတယ်။ ကိုယ်ကလည်း အမှန်တိုင်းပဲ ဖြေတယ်။ အဖြစ်ချင်ဆုံးဆန္ဒကတော့ ဆရာမရယ် ကျွန်မတို့ကတော့ ကိုယ်ပိုင်အိမ်လေးတစ်လုံးတော့ လိုချင်တယ်လို့ ကိုယ်ပိုင်အိမ်လေးနဲ့ ကိုယ်ပိုင်အလုပ်လေးနဲ့ ရှိရင် ပြည့်စုံတယ်လို့။ အန်တီ့အသက်က ၄၈ နှစ်ရှိပြီ။ မိုးတွင်းဘက်ကျတော့ ကျောင်းသားသုံးယောက်ရှိတယ်။ သမီးငယ်လေး သုံးယောက်ရှိတယ်။ ကျောင်သားသုံးယောက်နဲ့ ကလေးငယ်လေးတွေကို ကျောင်းကြို ကျောင်းပို့ ခလေးထိန်း ထမင်းချက် မိုးတွင်းဘက်ပေါ့။ နွေဘက် ကျောင်းပိတ်ချိန်ရောက်တော့ ရေခဲချောင်းရောင်းတယ်။ ”

ဒေါ်အေးသန်း မူလနေထိုင်ခဲ့တဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့နယ်ထဲက ရွာလေးကတော့ ၂၀၀၈ မှာ တိုက်ခိုက်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ပါတယ်။ အဲဒီအဖြစ်ဆိုးဟာ ဒေါ်အေးသန်းတစ်ယောက် ရန်ကုန်က လှိုင်သာယာကျူးကျော်မှာ နေထိုင်ဖို့ ဖြစ်လာစေခဲ့တာပါပဲ။ မြန်မာနိုင်ငံက လူ ၂ သန်းခွဲနီးပါးဟာ နာဂစ်ရဲ့ဒဏ်ကို ခံစားရတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီအသင်းများ ဖက်ထရေးရှင်းက ပြောကြားထားပါတယ်။

ဒေါ်အေးသန်း

“ကျောတစ်ခင်းစာအတွက်တော့ စဉ်းစားရတာပေါ့။ လူတိုင်းကပြောလို့ ကိုယ်လည်း သိထားတယ်လေ ရန်ကုန်မြို့ကို ရောက်ပြီဆိုရင် ကျောတစ်ခင်းစာရဖို့က မလွယ်ဘူး။ အလုပ်ကတော့ ပေါတယ်။ အဲဒီလိုကနေ အဆင်မပြေတော့ ငွေတိုးဆွဲတယ်။ အဆောင်လေး ငှားနေရတယ်။ ရောက်ခါစပေါ့။ ကျူးကျော်မှန်း သိကတည်းက ဘယ်လိုပြောမလဲဆိုတော့ ကိုယ်က ဝယ်လိုက်ကတည်းက ကံတရားပဲပေါ့ (၇)သိန်းနဲ့ ဝယ်လိုက်တယ်။ ကျူးကျော်ဖြစ်နေတဲ့အတွက် ကံတရားပဲပေါ့။ ကံကိုပဲ ပုံချတယ်။ အလုပ်ကောင်းနေတော့လည်း ပိုက်ဆံလေးစုတယ် ကိုယ်မစားရဘူး အဆောင်လခ ပေးလိုက်ရတယ်။ ဒီလ အလုပ်မကောင်းဘူး မစုမိဘူးဆိုပြန်တော့လည်း ဆယ်ရက်သွင်း ဆယ့်နှစ်ရက်သွင်းဆီက တစ်ခါ ပြန်ဆွဲပြီးတော့ အဆောင်လခ ပေးရပြန်ရော။ ”

ဒေါ်အေးသန်းတို့ နေထိုင်တဲ့ ကျူးကျော်တွေဆီကို ရောက်လာသူတွေက အစုံပါပဲ။ နာဂစ်မုန်တိုင်းရဲ့ ရိုက်ခက်မှုဒဏ်တွေကြောင့် ရောက်လာခဲ့သူတွေလည်း များပါတယ်။ ဒါပေမယ့် ကျူးကျော်တွေမှာ နေထိုင်တဲ့ အမျိုးသမီးတွေအတွက် အလုပ်အကိုင်ရရှိဖို့ အခွင့်အလမ်းက နည်းပါးနေပါတယ်။

 ၂၀၁၆ ခုနှစ် မေလမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ တကယ်နေစရာမရှိလို့ ကျူးကျော်နေရသူတွေအတွက် အလုပ်အကိုင်နဲ့ နေရာတွေ ရှာပေးမယ်လို့ သတင်းစာ ရှင်းလင်းထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခန့်မှန်းစာရင်းအရ ကျူးကျော်ပမာဏဟာ လေးသိန်းဝန်းကျင် ရှိနေတယ်လို့ သိရပါတယ်။ နာဂစ်ကြောင့် ရန်ကုန်ကို ခြေစုန်ပစ်လာသူ နောက်တစ်ဦးကတော့ “ဒေါ်သီတာ” ဖြစ်ပါတယ်။

ဒေါ်သီတာ

“အမှတ် ၂ စိုက်ခင်းကနေပြီးတော့ အိမ်ဖျက်ခံရလို့ ဒီကို ရောက်တာတာပါ။ အခုလက်ရှိကတော့ ထီးပြင်ပြီးတော့ ရောင်းစားနေရပါတယ်။ ထီးစုတ်တွေကို လိုက်ကောက်တယ်။ အဲဒါတွေကို ပြန်ပြင်ပြီးတော့ ပြန်ရောင်းပါတယ်။ အဲဒီအလုပ်ပဲ ရှိပါတယ်။ ဒီမှာ အလုပ်က ဘာအလုပ်မှ မရှိပါဘူး။ ဒီကို ရောက်တာ နာဂစ်ပြီးကတည်းက ရောက်လာတာပါ။”

ကျူးကျော်တွေမှာ နေထိုင်ပြီး ဘဝကို ရုန်းကန်နေရတဲ့ အမျိုးသမီးတွေရဲ့ မျှော်လင့်ချက်တွေကတော့ ..........

အမျိုးသမီးတစ်ဦး

“ဖြစ်ချင်တာဆိုတာက အန်တီတို့က ကိုယ့်အတိုင်းအတာနဲ့ ကိုယ့်သားသမီးတွေကလည်း အဝေးမှာ အလုပ်လုပ်နေတဲ့သူမရှိဘူး။ နိုင်ငံခြားလွှတ်ပြီး အလုပ်လုပ်နေတဲ့သူလည်း မရှိဘူး။ မွေးထားတာက သမီးမိန်းကလေးငါးယောက်။ သားယောကျ်ားလေးတစ်ယောက် သူက ၇ တန်းပဲ ရှိသေးတယ်။ အန်တီတို့ကို အစိုးရက ဒီနေရာကနေ ဖယ်ခိုင်းတယ်။ အန်တီတို့ကို နေစရာမပေးရင် ဖယ်မပေးနိုင်ဘူး။ ကိုယ်နေဖို့နေရာနဲ့ ခေါင်းချဖို့နေရာ ရရင် ကျေနပ်ပါပြီ။”

ဒေါ်အေးသန်း

“စိတ်ကူးထားတာတို့ ရည်မှန်းချက်တို့တော့ ရှိတာပေါ့။ ရှိပေမယ့်လည်း အဆင်မှမပြေတာ။ ရည်မှန်းထားတာက ကိုယ့် ကိုယ်ပိုင်အိမ်ကလေးနဲ့ မိသားစု တစ်သက်တာ နေလို့ရမယ့် အိမ်ကလေးတော့ ရှိစေချင်တယ်။ ရှိစေချင်လို့ ကြိုးစားတယ်။ မရဘူး။ မိသားစုနဲ့ ကိုယ်ပိုင်အိမ်ကလေးတစ်လုံး ရှိထားပြီဆိုရင် အလုပ်လုပ်စားလို့ အဆင်ပြေတယ်။ အခု ကိုယ်က ဝယ်ထားတယ်ဆိုပေမယ့်လည်း အသည်းတထိတ်ထိတ် ရင်တဖိုဖို”

ဒေါ်သီတာ

“အိမ်လေးတစ်လုံးလောက် ရရင်တော့ လိုချင်ပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်မြေလေးနဲ့ကိုယ် လုပ်ငန်းကိုင်ငန်းလည်း လုပ်စားလို့ရတယ်။ အခုက ဒီ ထီးလေးတွေပဲ ပြင်စားတော့ မိုးတွင်းဘက်ပဲ လုပ်စားလို့ရတယ်။ နွေဘက်ကျတော့ ဘယ်သူ့မှ မဝယ်ကြတော့ဘူး။ အဲဒီတော့ အလုပ်အကိုင်က မရှိတော့ဘူး”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly