ဖီနာဘာချီအသင်း ဆုဖလားများ ရရှိအောင် အစွမ်းကုန် ကြိုးစားပေးသွားမည်ဟု ဗန်ပါစီ ပြော

ဖီနာဘာချီအသင်း ဆုဖလားများ ရရှိအောင် အစွမ်းကုန် ကြိုးစားပေးသွားမည်ဟု ဗန်ပါစီ ပြော

ဇူလိုင် ၁၄၊ အစ္စတန်ဘူလ်။ ။ ဖီနာဘာချီအသင်းပိုင် Sukru Saracoglu အားကစားကွင်းကြီးတွင် ဗန်ပါစီ၏ ကစားသမားမိတ်ဆက်ပွဲ အခမ်းအနားပြုလုပ်ခဲ့ရာ ဖီနာဘာချီအသင်းပရိသတ် ထောင်ပေါင်းများစွာက တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။

အသက် ၃၁ နှစ်အရွယ်ရှိ နယ်သာလန်တိုက်စစ်မှူး ဗန်ပါစီသည် မန်ယူအသင်းမှ ဖီနာဘာချီအသင်းသို့ ပြောင်းရွှေ့ခဲ့ရာတွင် တစ်ပတ်လုပ်ခလစာငွေ ပေါင် ၂၄၀,၀၀၀ ရရှိမည်ဖြစ်ပြီး သုံးနှစ် စာချုပ် ချုပ်ဆိုထားသည်။

ဖီနာဘာချီအသင်းအတွက် ဆုဖလားများရရှိအောင် အစွမ်းကုန်ကြိုးစားပေးသွားမည် ဖြစ်ကြောင်းနှင့် မန်ယူအသင်းကို စွန့်ခွာခဲ့ရသည့်အတွက် အလွန်နာကျင်စွာ ခံစားရခြင်း မရှိကြောင်း ဗန်ပါစီက ပြောသည်။

'မန်ယူကို စွန့်ခွာခဲ့ရတဲ့အတွက် အရမ်းနာနာကျင်ကျင် မခံစားခဲ့ရပါဘူး။ ဒါက ဘောလုံးလောကရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဘဝဆိုတာကတော့ ဒီလိုပါပဲ။ ဘယ်နေရာမှာ ဖြစ်ဖြစ် ဒီလိုအခြေအနေကို တွေ့နိုင်ပါတယ်။ ကျွန်တော်ရိုးရိုးသားသား ပြောတာပါ'

'ဒီနေရာမှာ ကျွန်တော့်ကို ပရိသတ်တွေအများကြီးက လာရောက် ဂုဏ်ပြုပေးလို့ ဝမ်းသာပါတယ်။ ကျွန်တော် ဂတိပေးပါတယ်။ ဖီနာဘာချီအသင်းအတွက် ဆုဖလားတွေအများကြီးရယူပြီး ဒီပရိသတ်တွေပျော်အောင် အစွမ်းကုန်ကြိုးစားသွားမှာပါ။ လိဂ်ဖလားကိုသာရရှိရင် သူတို့ဘယ်လိုအောင်ပွဲခံကြမလဲဆိုတာ စိတ်ထဲမှာ မြင်ယောင်ကြည့်လို့ ရပါတယ်။ ကျွန်တော်တို့ အတူတူအောင်ပွဲခံနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကဲ အတူတကွ ကြိုးစားလိုက်ကြရအောင်' ဟု ဗန်ပါစီက ပြောသည်။

ဗန်ပါစီသည် မန်ယူအသင်းတွင် ကစားခဲ့သည့် သုံးနှစ်အတွင်း စုစုပေါင်း ၅၈ ဂိုးသွင်းယူပေးခဲ့သည်။ ၎င်းအနေဖြင့် ထိပ်တန်းအဆင့်တွင် နှစ်ပေါင်းများစွာကစားနိုင်ဦးမည်ဟု ယုံကြည်ကြောင်းလည်း ဗန်ပါစီက ပြောသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly