ရခိုင်အရေး အကောင်းဆုံးဖြေရှင်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ရခိုင်အရေး အကောင်းဆုံးဖြေရှင်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၁၂ရက်၊ ၂၀၁၆ခုနှစ်)။   ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ စီးနင်းတိုက်ခိုက်ခံရမှုမှအစပြုကာ လတ်တလောဖြစ်ပွားနေသည့် အခြေအနေများအပေါ် တရားဥပဒေစိုးမိုးမှုအောက်ကနေ အကောင်းဆုံးဖြေရှင်းသွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

"ကျွန်မတို့ကတော့ အကောင်းဆုံးဖြစ်အောင် ဖြေရှင်းမယ်။ ဒါဟာ မျှမျှတတနဲ့ တရားဥပဒေစိုးမိုးရေးအောက်မှာပဲ ကျွန်မတို့လုပ်သွားမယ်" ဟု နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အောက်တိုဘာ ၁၂ရက်ကပြုလုပ်သော နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကျူးလွန်သူများကိုလည်း အထောက်အထားခိုင်လုံသည့်အခါ စွဲချက်တင်သင့်ရင် တင်သွားမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"ဘာတွေ၊ ဘာတွေက ဘာဖြစ်နေတယ်ဆိုတာ မရှင်းသရွှေ့တော့ ဘယ်သူ့ကိုမှ ကျွန်မတို့ စွပ်စွဲမှာ မဟုတ်ပါဘူး။ သေသေချာချာ အထောက်အထား ခိုင်လုံတဲ့အခါကျမှ စွပ်စွဲချက်တင်သင့်တယ်ဆိုရင် တင်မှာ ဖြစ်ပါတယ်" ဟု ဆိုသည်။

 အောက်တိုဘာ ၉ရက်တွင် ရခိုင်ပြည်နယ် မောင်တောနှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့များ၏ စခန်းများဖြစ်သော နခဖ(၁)၊ ဌာနချုပ် (ကျီးကန်းပြင်)နှင့် နခခ(၁)၊ ဒေသ(၂)၊ နယ်မြေ(၅) ငါးခူးရစခန်းနှင့် ရတဖ(၁)၊ ဒေသ(၃) နယ်မြေ(၉) ကိုးတန်ကောက်ကင်းစခန်းအား အမည်မသိသူများက ဝင်ရောက်စီးနင်းခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင် အရာရှိ(၁)ဦးနှင့် အခြားအဆင့် ၈ဦး စုစုပေါင်း ၉ဦး ကျဆုံးခဲ့သလို အရာရှိ ၁ဦးနှင့် အခြားအဆင့် ၃ဦး စုစုပေါင်း ၄ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး တပ်ဖွဲ့ဝင် အရာရှိ ၁ဦးမှာမူ ပျောက်ဆုံးနေသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ထို့ပြင် လက်နက်မျိုးစုံ ၅၁လက်၊ ခဲယမ်း ၁၀၁၄၀တောင့်၊ စကားပြောစက် ၂လုံးလည်း လုယက်ခံရသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နယ်မြေလုံခြုံရေးအတွက် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းရေးလုပ်ငန်းများကို ဆောက်ရွက်လျက်ရှိနေသော်လည်း ခုခံတိုက်ခိုက်မှုများကြောင့် သေဆုံးမှုတစ်ချို့ ရှိနေသေးသည်။

အဆိုပါ တိုက်ခိုက်မှုများသည် မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကိုကို အစိုးရက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးဘဲ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း အောက်တိုဘာ ၉ရက်ညက ပြန်ကြားရေးဝန်ကြီးဌာနတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက ပြောဆိုထားသည်။

"အဲ့ဒီကျူးလွန်သူတွေကို ကျွန်တော်တို့ ရအောင်ဖမ်းမယ်။ ဖမ်းပြီးတော့ တရားဥပဒေကြောင်းအရ သူတို့ကို ရင်ဆိုင်ခိုင်းမယ်" ဟု ရဲချုပ်ဇော်ဝင်းက ဆိုသည်။

လက်ရှိတွင် မောင်တောခရိုင်တခုလုံးအား ညမထွက်ရအမိန့်ကို ယခင်ထက် တင်းကြပ်လိုက်ပြီဖြစ်သည်။ ၂၀၁၂ခုနှစ်ကစတင်ပြီး မောင်တောမြို့တွင် ညမထွက်ရအမိန့်ကို ည ၁၁နာရီမှ နံနက် ၄နာရီထိ သတ်မှတ်ထားသော်လည်း လက်ရှိအချိန်တွင် ည ၇နာရီမှ နံနက် ၆နာရီသို့ ညမထွက်ရအမိန့်ကို တိုးမြှင့် တင်းကြပ်လိုက်ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly