နျူကလီးယား သဘောတူညီချက်က အီရန်၏အင်အားကို ပိုမိုကြီးထွားစေမည်ကို အာရပ်နိုင်ငံများ စိုးရိမ်

နျူကလီးယား သဘောတူညီချက်က အီရန်၏အင်အားကို ပိုမိုကြီးထွားစေမည်ကို အာရပ်နိုင်ငံများ စိုးရိမ်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကျွန်ကယ်ရီ (၀ဲ)နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက် ဇာရစ် (ယာ)။ ဓာတ်ပုံ - ရိုက်တာ

ဒူဘိုင်း၊ ဇူလိုင်-၁၅ ။     ။ နိုင်ငံတကာ အသိုင်းအဝိုင်းက ကျဉ်ထားခြင်း ကိုဖြေလျော့ပေးလိုက်သည့် အတွက်ဒေသ တွင်းသွေးစွန်း သည့်အင်အားပြိုင်ပွဲကို ရှီးအိုက်ခေါင်းဆောင်သည့် တီဟီရန်ဘက်သို့ အလေးသာသွားစေနိုင်သောကြောင့် အီရန်နှင့်နျူကလီးယား သဘောတူညီချက်က အာရပ်ကမ္ဘာတွင် စိုးရိမ်မှုများ အနှံ့အပြားဖြစ်ပေါ်စေခဲ့ပြီး အန္တရာယ်အချက်ပေးသံများလည်း ညံစီသွားစေခဲ့ သည်ဟု ဆိုသည်။  

အီရန်တို့ နျူကလီးယားလက်နက်ပိုင်ဆိုင်သွားမည်ကို အာရပ်နိုင်ငံများက အထူးစိုးရိမ်နေကြရာ ယခုသဘောတူညီချက်က အီရန် ကို နျူလက်နက် မပိုင်အောင် တားဆီးနိုင်မည်လားဆိုသည်ကို အာရပ်နိုင်ငံအချို့က သံသယရှိကြသည်။

သို့ရာတွင် နျူကလီးယားသဘောတူညီချက်က အီရန်ကို စီးပွားရေး ရွှေပုံဆိုက်စေကာ ဒေသတွင်းတွင် သြဇာသွတ်သွင်းလာစေရန် မီးစိမ်းပြသကဲ့သို့ဖြစ်မည်ကိုလည်း အမေရိကန်ပြည်ထောင်စု၏ အဓိက မဟာမိတ်များဖြစ်ကြသည့် ဆွန်နီလွှမ်းမိုးသည့် ပင်လယ်ကွေ့နိုင်ငံများက အထူးစိုးရိမ်နေကြသည်။

ဆွန်နီ-ရှီးအိုက် တင်းမာမှုကို မီးထိုးပေးကာ စစ်ပွဲများကို ဖြစ်ပွားနေစေသည့် အီရန်နှင့် ပင်လယ်ကွေ့နိုင်ငံများ အထူးသဖြင့်ဆော်ဒီ အာရေဗျနှင့်ကြားတွင် ပိုမိုဆိုးရွားလာနေသည့် ကိုယ်စားကြားခံစစ်ပွဲများအတွင်း အာရပ်ကမ္ဘာမှာ နှစ်ပေါင်းများစွာ တကွဲတပြားဖြစ် လာနေခဲ့သည်။ ဆီးရီးယားနိုင်ငံတွင်လည်း ပင်လယ်ကွေ့နိုင်ငံများက ကျောထောက်နောက်ခံပြုပေးထားသည့် ဆွန်နီသူပုန်များကို ကြံ့ကြံ့ခံရင်ဆိုင်၍ ရှင်သန်နိုင်အောင် သမ္မတ ဘာရှား အာဆဒ်အား အီရန်က ကျားကန်ပေးထားရာ လူသန်းနှင့်ချီ၍သေဆုံးခဲ့ ရပြီဖြစ်သည့် ဆီးရီးယားပြည်တွင်းစစ်မှာ ယခုဆိုလျှင် ၅နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။

တီဟီရန်က ထောက်ခံသည့် ရှီးအိုက်သူပုန်များကို ဟန့်တားရန် ဆော်ဒီအာရေဗျက ဦးဆောင်၍ ကြောင်းစစ်ဆင်ရေး ဆင်နွှဲနေရာ ယီမင်နိုင်ငံမှာလည်း ယခုနှစ်တွင်ပင် နှစ်ခြမ်းကွဲသွားသည်။ အီရတ်တွင်လည်း ၂၀၀၃ခုနှစ်တွင် ဆက်ဒမ်ဟူစိန်ကို ဖယ်ရှားပြီး အီရန်နှင့်နီးစပ်သည့် ရှီးအိုက်နိုင်ငံရေးသမားများ ခေါင်းဆောင်သည့် အစိုးရတက်လာသည့်နောက်ပိုင်းတွင် အီရန်၏သြဇာ ကြီးထွားလာမှုကို ဆော်ဒီအာရေဗျက ဆန့်ကျင်ခဲ့သည်။

‘သဘောတူညီချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဒေသတွင်းမှာ တင်းမာမှုကတော့ ပျောက်ကွယ်သွားမှာ မဟုတ် ပါဘူး။ ဒေသတွင်း အင်အားကြီးနိုင်ငံတစ်ခုအဖြစ် အီရန်က လူတွင်ကျယ်လုပ်လာမယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ ခက်ခဲတဲ့အချိန်ကာလကို ဖြတ်သန်းနေရပြီလို့ ထင်ပါတယ်’’ဟု ယူအေအီးတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ အဗ္ဗဒူခါလက် အဗ္ဗဒူလာက ပြောကြားသည်။   

အီရန်အနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုကို ဖယ်ရှားလိုက်ခြင်းအားဖြင့် ရရှိလာမည့် စီးပွားရေးအကျိုးအမြတ်များကို ဒေသတွင်းတွင် မတည်မငြိမ်ဖြစ်စေမည့်အစား အီရန်နိုင်ငံသားများ၏ လူနေမှုဘ၀ တိုးတက်ရေးတွင်သာ အသုံးပြုသင့်ပြီး၊ အကယ်၏ မတည် မငြိမ်ဖြစ်စေပါ ကဒေသတွင်းနိုင်ငံများ ၏ပြတ်သားသော တုန့်ပြန်မှုနှင့် ရင်ဆိုင်ရလိမ့်မည် ဟုဆော်ဒီအာရေဗျ ကပြတ်ပြတ်သား သား သတိပေးခဲ့သည်။

အခြားသော ပင်လယ်ကွေ့နိုင်ငံများကလည်း အီရန်နျူကလီးယားသဘောတူညီချက်အပေါ် သတိကြီးကြီးထား၍သာ အကောင်းမြင်ကြသည်။

အီရန်နှင့် ကာလရှည် ကုန်သွယ်လာခဲ့သည့် ယူအေအီးသမ္မတနှင့် ယမန်နှစ်က တီဟီရန်ကို သွားရောက်လည်ပတ်ခဲ့သည့် ကူဝိတ်စော်ဘွားတို့နှစ်ဦးက အီရန်သို့ နျူကလီးယားသဘောတူညီချက်အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း သတင်းစကားပါး ခဲ့ကြရာတွင် သဘောတူညီချက်မှာ ဒေသတွင်း လုံခြုံမှုနှင့် တည်ငြိမ်မှုအတွက် အကြောင်းအထောက် အပံ့ဖြစ်စေဖို့ မျှော်လင့်ကြောင်း ဖော်ပြခဲ့ကြသည်။

နျူကလီးယားပြဿနာနှင့်ပတ်သက်၍မူ သဘောတူညီချက်က အီရန်ကို နျူလက်နက်တည်ဆောက်မှုမှ တားဆီးနိုင်မည်လား ဆိုသည် ကို အာရပ်နိုင်ငံအားလုံးက သံသယရှိကြသည်။ စစ်ဖက်အပါအဝင် နေရာအားလုံးမှ စက်ယန္တရားများကို စစ်ဆေးပြီး၊ သဘော တူညီချက်ကို ချိုးဖောက်ကြောင်းတွေ့ရှိပါက ချက်ချင်း ပြန်ဒဏ်ခတ်ပိတ်ဆို့မှုများပါဝင်သည့် အီရန်အနေဖြင့် နျူကလီးယားဗုံး မထုတ်လုပ်နိုင်စေရန် လုံးဝအာမခံသည့် သဘောတူညီချက်တစ်ရပ်ကို အလိုရှိကြောင်း ဆော်ဒီအာရေဗျက ဇူလိုင်လ ၁၄ရက်နေ့ က ပြောကြားခဲ့သည်။

သဘောတူညီချက်က ဒေသတွင်း လက်နက်ပြိုင်ပွဲကို အားပေးအားမြှောက်ပြုနေသည်ဟု လည်း ဆော်ဒီထောက်လှမ်းရေး အကြီး အကဲဟောင်း မင်းသားကြီး တာကီ အယ်လ် ဖိုင်ဆယ်က ယခုနှစ်အစောပိုင်းက သတိပေးခဲ့သည်။

အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဘာဒါ အက်ဗဒယ်လတ္တီကလည်း သဘောတူညီချက်မှာ နျူကလီးယား လက်နက် ကင်းစင်သည့် ဒေသဆီသို့ ဦးတည်သည့် ခြေလှမ်းတစ်ရပ်ဖြစ်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly