အပစ်ပယ်ခံ၊ ဖိနှိပ်ခံ အခြေခံလူထုများ၏ အသံကို မြင့်တင်ပေးနိုင်ရန် ရှေ့ပြေးအသံအဖွဲ့သစ်ကို ထူထောင်

အပစ်ပယ်ခံ၊ ဖိနှိပ်ခံ အခြေခံလူထုများ၏ အသံကို မြင့်တင်ပေးနိုင်ရန် ရှေ့ပြေးအသံအဖွဲ့သစ်ကို ထူထောင်

ရန်ကုန်၊ အောက်တိုဘာ ၁၁ ။                  ။ အားနည်း၊ ထိခိုက်လွယ်ပြီး အပစ်ပယ်ခံ၊ ဖိနှိပ်ခံအခြေခံလူထုများ၏ အသံများကို မြှင့်တင်ပေးရန် ရည်ရွယ်ပြီး ရှေ့ပြေးအသံအဖွဲ့သစ်ကို ထူထောင် လိုက်ကြောင်း  ရှေ့ပြေးအသံ၏ ယာယီတာဝန်ခံ ကိုအောင်ခိုင်မင်းက မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးအတွက် လှုပ်ရှားမှုများ ပြန်ပြောင်း ထင်ဟပ်ခြင်းနှင့် ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များ အကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို အောက်တိုဘာ ၁၀ရက် နေ့လယ် (၂) နာရီက Best Western Green Hilll ဟိုတယ်တွင် ကျင်းပခဲ့သည်။

ရှေ့ပြေးအသံအဖွဲ့(Progressive Voice)သစ် နှင့်ပက်သက်ပြီး ကိုအောင်ခိုင်မင်းက "ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ လူ့အခွင့်ရေး စံချိန်စံညွန်းနဲ့ ကိုက်ညီတဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေ ပေါ်ထွန်းလာရေးအတွက် လူထုပူးပေါင်း ပါဝင်မှုနှင့် လူထုပူးပေါင်းပါဝင်မှုရှိတဲ့ သုတေသန သုံးသပ်ချက်နဲ့ စည်းရုံးရေး လှုံ့ဆော်ရေးက တစ်ဆင့် အခြေခံလူထုရဲ့ အသံကို ဒေသ၊   နိုင်ငံ၊   နိုင်ငံတကာအဆင့်ထိ မြင့်တင်ပေးသွားဖို့ ဖြစ်ပါတယ်"ဟု ပြောသည်။

 မြန်မာ့ရှေ့ပြေးအသံအဖွဲ့သည် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့ (Burma Partnership-BP)ကို ရပ်နားကာ အဖွဲ့သစ်အဖြစ် ပေါက်ပွားလာခြင်း ဖြစ်ပြီး BPအဖွဲ့၏ ရှိထားပြီးသား အားကောင်းချက်၊ ကွန်ယက်လုပ်ဆောင်ချက်များကို အခြေပြုပြီး လုပ်ဆောင်သွားမည့် ရှေ့ပြေးအသံဆိုသည့် လူထုပါဝင်မှုနှင့် အခွင့်ရေးကို အခြေခံသည့် သုတေသနနှင့် လှုံ့ဆော်စည်းရုံးရေး အဖွဲ့ ဖြစ်သည်ဟုလည်း သိရသည်။

မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်သူများအဖွဲ့သည် မြန်မာနိုင်ငံ နယ်စပ်အခြေစိုက် ဒီမိုကရစီရေး၊ တိုင်းရင်းသားရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုမှ ပေါ်ထွက်လာသော အဖွဲ့အစည်းဖြစ်သည်။ ထိုအဖွဲ့ကို ၂၀၀၆ ခုနှစ်၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု၊ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အာရှဖိုရမ် နှင့် မြန်မာနိုင်ငံဆိုင်ရာ စင်ပြိုင်အာဆီယံကွန်ယက်တို့က ကျင်းပသည့် အစည်းအဝေး၌ တည်ထောင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly