မန္တလေး ခရိုင်အတွင်း ဒုစရိုက်မှုများ လျော့နည်းစေရန် CCTV ကင်မရာများ တပ်ဆင်မှု ၈၀ ရာခိုင်နှုန်း ပြီးစီး

မန္တလေး ခရိုင်အတွင်း ဒုစရိုက်မှုများ လျော့နည်းစေရန် CCTV ကင်မရာများ တပ်ဆင်မှု ၈၀ ရာခိုင်နှုန်း ပြီးစီး

မန္တလေး၊ ဇူလိုင် ၁၅ ။    ။ မန္တလေးခရိုင်အတွင်းတွင် ဒုစရိုက်မှုများ လျှော့နည်းပပျောက်စေရန်အတွက် လူစည်ကားသည့်နေရာ များတွင် CCTV ကင်မရာများ တပ်ဆင်လျက်ရှိရာ  ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဦးစီးအရာရှိ (ပထမတန်း) ဒုရဲမှူးကြီး မြင့်ဦး က ပြောသည်။  

ထိုသို့CCTV ကင်မရာများတပ်ဆင်နိုင်ရန်အတွက် ၂၀၁၄ ခုနှစ်မှစတင်၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ၈၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း ဒုရဲမှူးကြီး မြင့်ဦး ကဆိုသည်။

ဒုရဲမှူးကြီး မြင့်ဦး က “ အမြန်ဆုံးပြီးစီးအောင်လုပ်နေတယ်။ဒါပေမယ့်အခက်အခဲတစ်ချို့ရှိနေလို့ ကြာနေတာပါ။ တပ်ဆင်ပြီး ရင်တော့ အများကြီးအထောက်အကူဖြစ်သွားမယ်။ မီးပွိုင့်တွေမှာ တပ်မှာမဟုတ်ဘူး။ လူစည်ကားတဲ့နေရာတွေနဲ့ ဒုစရိုက် မှုဖြစ်နိုင်ခြေရှိတဲ့ နေရာတွေကို အဓိက တပ်ဆင်သွားမှာပါ။ “ဟု ပြောသည်။  

အဆိုပါ CCTV ကင်မရာ များအား မန္တလေးခရိုင် အတွင်းရှိ  မြို့နယ် ငါး မြို့နယ်ရှိ နေရာ ၂၄ နေရာတွင် တပ်ဆင် သွားမည်ဖြစ် သည်။ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင်  အဆိုပါ ကင်မရာများ အတွက် ထိန်းချုပ်စက်များ ထားရှိကာ ကွန်ပျူတာ ကျွမ်းကျင်သော ရဲတပ်ဖွဲ့ဝင် ၂၄ ဦးကို ရွေး ချယ်ပြီး သီးသန့်သင်တန်းများ ပေးသွားမည်ဟုလည်း ဒုရဲမှူးကြီး မြင့်ဦး ကဆိုသည်။  

ဒုရဲမှူးကြီး မြင့်ဦး က  “ကျွန်တော်တို့ လိုအပ်တဲ့ စက်ပစ္စည်းတွေနဲ့နည်းပညာကို တရုတ်က ကူညီပေး သွားမှာပါ။ နည်ပညာပိုင်း သင်ကြားနိုင်ဖို့အတွက်လည်း ရဲတပ်ဖွဲ့ဝင် ၂၄ ဦးရွေးချယ် ထားတယ်။ ရဲမေ တွေလည်းပါတယ်။ကျွန်တော်တို့ဘက်ကတော့ အဆင်အသင့်ဖြစ်အောင် ဆောင်ရွက်ထား တယ်။သူတို့ဘက်ကလာတာနဲ့ အရန်သင့်လုပ်သွားရုံပါပဲ။ “ဟု ပြောသည်။

 CCTV ကင်မရာများ တပ်ဆင်အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှ ကင်မရာအပါဝင် ဆက်စပ် ပစ္စည်းအားလုံး ကူညီပေးနေခြင်းဖြစ်ပြီး အသုံးပြုခြင်းနည်းပညာများကိုလည်း သင်ကြားပေး သွားမည်ဖြစ်သည်။

ဒုရဲမှူးကြီး မြင့်ဦးက  “ကင်မရာတွေတပ်ဆင်ပြီးရင်တော့ ပြစ်မှုကျူးလွန်တာနဲ့အ ချိန်နဲ့ တပြေးညီ ဆောင်ရွက်သွားနိုင်မယ်။ ကျွန်တော်တို့ ထိန်းချုပ်ခန်းကနေ သက်ဆိုင်ရာနယ်မြေရဲတွေစီကို ချက်ခြင်း အကြောင်းကြားတာတွေ လုပ်နိုင်မယ်။ ထိန်းချုပ်ခန်းမှာက ကျွန်တော်တို့ရွေးချယ်ထားတဲ့ ၂၄ ဦးက အလှည့်ကျတာဝန်ထမ်းဆောင်သွားမယ်။ “ဟု ပြောသည်။

 အဆိုပါကင်မရာများ တပ်ဆင်နိုင်ရန်အတွက် ကေဘယ်ကြိုးများ သွယ်တန်းပြီးစီးနေပြီး လိုအပ်သည့် ပစ္စည်းများရောက်လာ သည်နှင့်ချက်ခြင်းအကောင်အထည်ဖော် သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags