မန်ယူနှင့်အင်္ဂလန် အတွက် အဆင်သင့် ဖြစ်နေစေရန် ကြိုးစားနေမည်ဟု ရွန်နီ ပြော

မန်ယူနှင့်အင်္ဂလန် အတွက် အဆင်သင့် ဖြစ်နေစေရန် ကြိုးစားနေမည်ဟု ရွန်နီ ပြော

အောက်တိုဘာ ၁၁၊ အင်္ဂလန် ။              ။ ဆလိုဗေးနီးယားနှင့်ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အင်္ဂလန်အသင်း၏ ပထမကစားသမားစာရင်းမှ ထုတ်ပယ်ခံရပြီးနောက် မန်ယူတိုက်စစ်မှူးရွန်နီက ၎င်းအတွက် ခက်ခဲသော ကာလဖြစ်ကြောင်း ဝန်ခံခဲ့ပြီး နိုင်ငံအသင်းနှင့်ကလပ်အသင်းအတွက် အဆင်သင့်ဖြစ်နေစေရန် ကြိုးပမ်းနေမည်ဟု ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် မော်လ်တာနှင့်ပွဲစဉ်တွင် ခြေစွမ်းမပြနိုင်သည့်အတွက် ရွန်နီကို အင်္ဂလန်ပရိသတ်များက အော်ဟစ်လှောင်ပြောင်ခဲ့ကြပြီး အရန်ခုံသို့ပို့ရန် ဖိအားပေးတောင်းဆိုခဲ့ကြသည်။ ထို့ကြောင့် အင်္ဂလန်အသင်း၏ယာယီနည်းပြ ဆောက်ဂိတ်က ရွန်နီ၏နေရာတွင် လူငယ်ကစားသမား ဒီယာနှင့်အစားထိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ရွန်နီ၏အသင်းခေါင်းဆောင်လက်ပတ်ကိုလည်း ဟန်ဒါဆင်အား ပေးအပ်ခဲ့သည်။

‘ကျွန်တော့်အတွက် ခက်ခဲတဲ့ကာလဆိုတာ မငြင်းပါဘူး။ မန်ယူမှာလည်း ပြီးခဲ့တဲ့ပွဲအနည်းငယ်က အရန်ခုံမှာထိုင်ခဲ့ရပါတယ်။ ဒါက ဘောလုံးရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ကလပ်နဲ့နိုင်ငံက ကျွန်တော့်ကိုလိုအပ်ချိန်မှာ အဆင်သင့်ဖြစ်နေဖို့ သေချာပေါက် ကြိုးစားသွားမှာပါ’ ဟု ရွန်နီက ပြောသည်။

ထို့အပြင် ရွန်နီက ၎င်းအနေဖြင့် အသက် ၃၀ သာ ရှိသေးသည့်အတွက် ခြေစွမ်းပြန်လည်ပြသနိုင်မည်ဟု ယုံကြည်ကြောင်း ပြောသည်။ ‘ကျွန်တော်ပြန်ပြီး ခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်ပါတယ်။ အကောင်းဆုံးကြိုးစားသွားမှာပါ။ အခုမှ ကျွန်တော့်အသက်က ၃၀ ပဲရှိပါသေးတယ်။ ၃၅၊ ၃၆ အရွယ်မဟုတ်ပါဘူး။ အသက် ၂၀ က ပုံစံနဲ့ အခုပုံစံ ကွာခြားသွားပြီဆိုတာ သိပါတယ်။ ဒါပေမဲ့ အသင်းရဲ့တိုက်စစ်ကို ပံ့ပိုးပြီး ပိုကောင်းလာအောင် ကူညီပေးနိုင်သေးတယ်လို့ ထင်ပါတယ်’ ဟု ရွန်နီက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly