ဝန်ကြီးတွေကို ပညာပြနေတဲ့ အတွင်းဝန်တွေ ရှိနေ၊ နေရာပြောင်းတဲ့နည်းနဲ့ ပြု ပြင်မယ်လို့ ဦးဝင်းထိန်ပြော

ဝန်ကြီးတွေကို ပညာပြနေတဲ့ အတွင်းဝန်တွေ ရှိနေ၊ နေရာပြောင်းတဲ့နည်းနဲ့ ပြု ပြင်မယ်လို့ ဦးဝင်းထိန်ပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၁၀ရက်၊ ၂၀၁၆ခုနှစ်)။      ။ ပြီးခဲ့သည့် အစိုးရသက်တမ်းနောက်ဆုံးနှစ်ဖြစ်သော ၂၀၁၅ခုနှစ်အတွင်းကစတင်ကာ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးတွင် ခန့်အပ်ခဲ့သော အတွင်းဝန်များသည် လက်ရှိ အစိုးရသစ်၏ ဝန်ကြီး၊ ဒုဝန်ကြီးများအား ဖြစ်စဉ်အမှန်အတိုင်းမတင်ပြကြဘဲ ပညာပြမှုများရှိနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားလိုက်သည်။

“ညွှန်ချုပ်တို့၊ အတွင်းဝန်တို့ဆိုတာက အရင်အစိုးရထားခဲ့တာ၊ ထားခဲ့ရုံတင် မကဘူး။ သူတို့အစိုးရထွက်ခါနီးမှာ အဲ့ဒီလူတွေကို ခေါ်ပြီးတော့ ‘မင်းတို့ကို ငါတို့ခန့်တာနော်၊ ငါတို့ကို သစ္စာရှိရမယ်’ ဆိုပြီး ပြောသွားတာတွေ ရှိတယ်။ ဆိုတော့ တော်တော်များများက ပြင်သော်လည်း အချို့က မပြင်ဘူး။ မပြင်ဘဲနဲ့ ဝန်ကြီးတွေကို ပညာပြတာတွေ၊ ဒါတွေလည်း ကျွန်တော်တို့ သိတယ်” ဟု ဦးဝင်းထိန်က အောက်တိုဘာ ၁၀ရက်တွင် ပြောသည်။

အဆိုပါပုဂ္ဂိုလ်များကို ဖြုတ်၊ ထုတ်၊ သတ် လုပ်မည်မဟုတ်သော်လည်း “ကိုယ်လိုချင်တဲ့ ပုံစံမရဘူးဆိုရင်တော့ ဖြုတ်တာတော့ မလုပ်ဘူး။ တနေရာ ပြောင်းရင် ပြောင်းမယ်” ဟု ဦးဝင်းထိန်က ဆိုသည်။

လက်ရှိ အတွင်းဝန်အချို့သည် ဝန်ကြီးများ၊ ဒုဝန်ကြီးများက ၎င်းတို့လောက် မသိ၊ မတတ်သည့်ပုံစံဖြင့် ဆက်ဆံနေသည်ဟု ခံစားရကြောင်း အမည်မဖော်လိုသည့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

“သူတို့ဟာ ယုံကြည်စရာတော့ လုံးဝကို မရှိဘူး။ မရှိဘူးဆိုတာကလည်း မရှိလောက်တဲ့အနေအထားတွေ ရှိခဲ့တယ်လေ” ဟု ၎င်းက ဆိုသည်။

၂၀၁၅ခုနှစ်၊ မတ်လ ၃၀ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အတွင်းဝန်ရာထူးများခန့်ထားရေးကိစ္စအား ထိုစဉ် သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့က လွှတ်တော်သို့ တင်သွင်းခဲ့ပြီးနောက် အဆိုပါ ပုဂ္ဂိုလ်များအား ခန့်အပ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အတွင်းဝန်များ၏ တာဝန်သည် ဝန်ကြီးနှင့် ဒုဝန်ကြီးများ မရှိသည့်အခါ သို့မဟုတ် နိုင်ငံရေးတာဝန်အရ ရောက်မလာသေးသည့်အခါတွင် ဌာနခွဲ(၅)ခုပါဝင်သည့် ဝန်ကြီရုံးကို တာဝန်ခံဆောင်ရွက်ရမည်ဟု ထိုစဉ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဝန်ကြီးဖြစ်ခဲ့သူ ဒေါက်တာကံဇော်က ပြောဆိုခဲ့သည်။

ဥပဒေကြောင်းအရ အတွင်းဝန်များအား ခန့်အပ်ခွင့်မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏ်စိုးက “အမြဲတမ်းအတွင်းဝန်ဆိုတာမျိုးက ဖွဲ့စည်းအခြေခံဥပဒေမှာ မပါဘူး။ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေမှာ လည်းမပါဘူး။ နိုင်ငံ့ဝန်ထမ်းဥပဒေမှာ လည်း မရှိဘူး” ဟု ထိုစဉ်က ကန့်ကွက်ဆွေးနွေးခဲ့သေးသည်။

ယင်းနောက် အတွင်းဝန်များအား ခန့်အပ်လိုက်သည့်အချိန်တွင်လည်း ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။

အတည်မပြုနိုင်သေးသော သတင်းရင်းမြစ်များ ပြောဆိုချက်အရ လာမည့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင်မူ အတွင်းဝန်များ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အဆိုတစ်ရပ်တင်သွင်းကာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားရန် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly