ဒိန်းမတ်ရဲ့ ဦးစားပေးလုပ်ငန်းစဉ်က မြန်မာရဲ့ လုပ်သားစျေးကွက် ဖွံ့ဖြိုးတိုးတက်စေဖို့ ဖြစ်တယ်လို့ ဒိန်းမတ်ဝန်ကြီး ရော(န)နေးဂတ် လာဆန်ကပြော

By မဇျွိမ
10 October 2016
ဒိန်းမတ်ရဲ့ ဦးစားပေးလုပ်ငန်းစဉ်က မြန်မာရဲ့ လုပ်သားစျေးကွက် ဖွံ့ဖြိုးတိုးတက်စေဖို့ ဖြစ်တယ်လို့ ဒိန်းမတ်ဝန်ကြီး ရော(န)နေးဂတ် လာဆန်ကပြော

ဒိန်းမတ်နိုင်ငံကနေ မြန်မာကိုအကူအညီပေးနေတဲ့ လုပ်ငန်းစဉ်တွေကို ကြည့်ရင် လုပ်သားဈေးကွက် ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ကိုင်ပေးနေတာဟာဒိန်းမတ်အစိုးရရဲ့ မြန်မာနိုင်ငံအတွက် ဦးစားပေးလုပ်ငန်းစဉ်တွေ ဖြစ်တယ်ဆိုတာ သိထားစေချင်တယ်လို့ ဒိန်းမတ်အလုပ်အကိုင်ဝန်ကြီးရော(န) နေးဂတ် လာဆန်က 7mins အစီအစဉ်မှာ ပြောဆိုလိုက်ပါတယ်။ ဒိန်းမတ်အလုပ်အကိုင် ဝန်ကြီးမစ္စတာနေးဂတ် လာဆန်အနေနဲ့ မြန်မာနိုင်ငံကို စက်တင်ဘာလ ၂၇ ရက် နေ့ကနေ ၃၀ ရက်နေ့အထိ လာရောက်ခဲ့တာဖြစ်ပြီးဒိန်းမတ်ရဲ့ စီမံကိန်းတွေ အတွက်နဲ့   မြန်မာလုပ်သား   ဈေးကွက်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်အတွက် အခုလို လာရောက်ခဲ့တာဖြစ်ပါတယ်။ ကိုအောင်သူရက  ဝန်ကြီးလာဆန်ကို တွေ့ဆုံမေးမြန်းထားပါတယ်။

မဇ္ဈိမ။  ။ ဒိန်းမတ်-မြန်မာ ၂ နိုင်ငံသံတမန်ဆက်ဆံရေးကို ၁၉၅၅ ခုနှစ်မှာစတင်ခဲ့ပြီးတော့ အဲဒိကနေဒိန်းမတ်က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေး အကောင်အထည်ဖော်တဲ့ နေရာမှာထောက်ပံ့ ကူညီလျက်ရှိတယ်၊ ဒီအတွက် ဒိန်းမတ်အနေနဲ့ မြန်မာနိုင်ငံရဲ့ အလုပ်သမားအခွင့်အရေးနဲ့ အလုပ်အကိုင် အခြေအနေတွေကို ဦးတည် လေ့လာနေတဲ့ အစီအစဉ်ရှိလားဆိုတာကိုမေးချင်ပါတယ်။

ဝန်ကြီး။  ။ ပထမဆုံးအနေနဲ့ ..အလွန်တရာကိုမှ လှပတဲ့ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ရတာ ဝမ်းမြောက်ပါတယ်လို့ ပြောချင်ပါတယ်။ နောက်တစ်ခုပြောချင်တာက မြန်မာနိုင်ငံဟာဒိန်းမတ်ရဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကိုကူညီထောက်ပံ့မှုပေး နိုင်ငံတွေထဲမှာအမြင့်ဆုံးဦးစားပေးနိုင်ငံ ဖြစ်နေပါတယ်။ မြန်မာကိုကူညီထောက်ပံ့ခြင်းတဲ့နေရာမှာဒိန်းမတ်နဲ့ မြန်မာအစိုးရတို့ကြားမှာ မြန်မာရဲ့ လုပ်သားဈေးကွက် ဖွံ့ဖြိုးတိုးတက်ဖို့ကိုကူညီထောက်ပံ့ပေးမယ်ဆိုတဲ့ သဘောတူညီမှုလည်း ပါဝင်ပါတယ်။ အခုတော့ လူမှုရေးနဲ့သက်ဆိုင်တဲ့ စကားဝိုင်းဆွေးနွေးမှုတွေကို ဦးတည် လုပ်ကိုင်နေပြီး နောက်တစ်ခုက အလုပ်အကိုင်နဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးစတာတွေကို ဦးတည်းလျက်လည်းရှိနေပါတယ်။

မဇ္ဈိမ။  ။ အဲဒီ ကျန်းမာလုံခြုံသော အလုပ်အကိုင်ဖြစ်ရေးမှာ တိုးတက်အောင် လုပ်ဆောင်ရေးနဲ့ ပတ်သက်ပြီး ဒိန်းမတ်အစိုးရက မြန်မာအစိုးရကို ဆွဲဆောင်လုပ်ကိုင်နေတဲ့ အစီအစဉ်အကြောင်းကို ခင်ဗျားပြောပြနိုင်မလားဗျ။

ဝန်ကြီး။   ။ ကျွန်တော်တို့ လက်ရှိလုပ်ကိုင်လျက်ရှိတဲ့ အစီအစဉ် ၂ ရပ်ရှိပါတယ်၊ အစီအစဉ်တစ်ခု အနေနဲ့ကတော့ လူမှုရေးနဲ့ သက်ဆိုင်တဲ့ စကားဝိုင်းတွေ ဖွံ့ဖြိုးလာအောင် လုပ်ကိုင်ပေးတဲ့   နေရာမှာ မြန်မာနိုင်ငံက လူမှုမိတ်ဘက်အဖွဲ့အစည်းတွေနဲ့ အစိုးရကိုယ်စားလှယ်တွေကို အကူအညီပေးရမှာဖြစ်ပါတယ်။ နောက်အစီအစဉ် တစ်ခုအနေနဲ့ကတော့ လုပ်ငန်းခွင်ဆိုင်ရာ စစ်ဆေးရေးအရာရှိတွေကို လေ့ကျင့်သင်ကြားပေးရတာဖြစ်ပါတယ်။ သူတို့က ကျန်းမာလုံခြုံတဲ့ လုပ်သားဈေးကွက်ကို ထိန်းညှိုပေးနိုင်အောင်ဖြစ်ပါတယ်။

မဇ္ဈိမ။  ။ အဲဒါတွေလုပ်နေတာဘယ်လောက်ကြာပြီလဲ ..ပြီးတော့ အဓိက ဦးတည်ချက်တွေက ဘာတွေလဲ။

ဝန်ကြီး။ ။ ကျွန်တော်တို့ လုပ်နေတာအချိန် ၂ နှစ်ထဲကို ရောက်နေပြီဗျ။ နောက်ထပ် လေးနှစ်၊ ငါးနှစ်လောက် ဆက်လက် လုပ်ကိုင်ဖို့ အစီအစဉ်လည်းရှိပါတယ်။

မဇ္ဈိမ။  ။ ဒိန်းမတ်ရဲ့ လုပ်ခလစာပေးတာတွေ..အလုပ်အကိုင် အခြေအနေတွေက ကုန်သွယ်ရေး သမဂ္ဂတွေနဲ့ အလုပ်ရှင်အဖွဲ့အစည်းတွေ ကြားမှာစုပေါင်း သဘောတူညီထားတယ်လို့ သိရတယ်၊ ဒါကိုဒိန်းမတ်မော်ဒယ်ဆိုပြီး ရည်ညွှန်းထားတယ်။ ဆိုတော့ ဒိန်းမတ်မော်ဒယ်ဆိုတာဘာလဲ.. ဘယ်လို အလုပ်လုပ်သလဲဗျ။

ဝန်ကြီး။  ။ မေးတဲ့မေးခွန်းက အမှန်တကယ်ဖြစ်ပျက်နေတာနဲ့ စည်းမျဉ်းတွေအကြားမှာရှိတဲ့ လုံခြုံတဲ့ ဆက်ဆံရေးအကြောင်းကို ဖြစ်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ဒိန်းမတ်မှာတော့ လူမှုရေးဆိုင်ရာ စကားဝိုင်းနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိပြီးသား ဖြစ်ပါတယ်။ ပြီးတော့ အလုပ်ရှင်နဲ့ အလုပ်သမားကြားရှိရမယ့် စကားဝိုင်းတွေ၊ အစိုးရနဲ့ မိတ်ဘက် အဖွဲ့အစည်းတွေကြားမှာ ရှိရမယ့် စကားဝိုင်းတွေဟာ လုပ်သားဈေးကွက် ဖွွံ့ဖြိုးတိုးတက်မှုမှာ ဥပဒေရဲ့ဆန္ဒနဲ့အညီ အရမ်းကို ခိုင်ခိုင်မာမာနဲ့ လုံခြုံစိတ်ချသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒိန်းမတ်မော်ဒယ် ဆိုတာ ဖွံ့ဖြိုးပြီး မြင့်မားတဲ့ ကုန်ထုတ်လုပ်ငန်းတွေ ဖြစ်ပေါ်လာဖို့၊ ရေရှည်ဖွံ့ဖြိုးတိုးတက်စေဖို့ စတာလုပ်ဆောင်တဲ့နေရာမှာ ခိုင်မာတဲ့ ဆက်ဆံရေးတွေ တည်ဆောက်ခြင်းတွက် လုပ်သားဈေးကွက်ကို ဖွံ့ဖြိုးအောင်လုပ်တဲ့ နည်းလမ်းလို့ မြင်ပါတယ်။

မဇ္ဈိမ။  ။ ခင်ဗျားက ဒိန်းမတ်မော်ဒယ်အကြောင်းကို ပြောပြထားတယ်။ မြန်မာကရော ဒိန်းမတ်မော်ဒယ်ကို ကူးယူလို့တယ်လို့ ထင်လား၊ မြန်မာမော်ဒယ်ဆိုရင်ရော ခင်ဗျားဘယ်လို ပြောပြချင်လဲ။

ဝန်ကြီး။ ။ နိုင်ငံတခုရဲ့ မော်ဒယ်ကို နောက်နိုင်ငံတစ်ခုမှာ ကူးယူဖို့ ဖြစ်နိုင်တယ်လို့တော့ ကျွန်တော်တော့ မထင်ဘူးဗျ။ တစ်ယောက်နဲ့တစ်ယောက် တစ်ခုခုလုပ်ကြဖို့ နည်းပေးလမ်းပြ လုပ်ပေးတာတော့ ဖြစ်နိုင်မယ်လို့ ထင်တယ်။ ကျွန်တော် ပြောပြခဲ့သလိုပါပဲ.. ဒိန်းမတ်မှာ အလုပ်အကိုင်ဝန်းကျင် မြင့်မားတဲ့ အဆင့်အတန်းပေါ်မှာ အခြေခံပြီးတော့ရယ်.. လူမှုရေးနဲ့ သက်ဆိုင်တဲ့ စကားဝိုင်းတွေမှာရော အခြေခံပြီးတော့ အရမ်းကောင်းတဲ့ အတွေ့အကြုံရှိပြီးသားဖြစ်ပါတယ်။

ဒါတွေအားလုံးဟာ မြန်မာနိုင်ငံအတွက် လုပ်သားဈေးကွက်ထဲမှာ ပိုပြီး မြန်ဆန်တဲ့ ဖွံ့ဖြိုးမှုတွေဖြစ်အောင် ကောင်းတဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။

မဇ္ဈိမ။ ။  လုပ်သားဈေးကွက်နဲ့ ပတ်သတ်ပြီးတော့ ဒိန်းမတ်အစိုးရရဲ့ သတင်းစကားက ဘာဖြစ်မလဲ။

ဝန်ကြီး။  ။ ကျွန်တော်တို့ အနေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ထောက်ပံ့ဖို့ ကြည့်ရှုတဲ့ နေရာမှာ မြန်မာကို ဦးစားပေးလေ့ရှိပါ တယ်။  ပြီးတော့ ဒိန်းမတ်က လုပ်ငန်းတွေ အနေနဲ့ ဒီမှာအတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့ဆိုတဲ့ နေရာမှာလည်း  ကြီးမားတဲ့ အာရုံစိုက်မှု ရှိနေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က ခင်ဗျားတို့နိုင်ငံရဲ့ လုပ်သားဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေးလုပ်ငန်းတွေ ခိုင်ခိုင်မာမာဖွံ့ဖြိုးဖို့ ထောက်ပံ့သွားချင်ပါတယ်။

မဇ္ဈိမ။  ။ မြန်မာမှာ ဒိန်းမတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့..ပြီးတော့ ဒိန်းမတ်ကုမ္ပဏီတွေ ဒီမှာစီးပွားရေး လုပ်ကြဖို့ ခင်ဗျားအနေနဲ့ သူတွေကိုဘယ်လို တွန်းအားပေးချင်ပါသလဲ။

ဝန်ကြီး။   ။ ဒါက..ဒီမိုကရေစီ နိုင်ငံသစ်အတွက် အတော်ကြီးကို ဖြစ်လာနိုင်မယ်လို့ သိထားလို့ရပါတယ်။ ကျွန်တော်အနေနဲ့ ဒီအတွက် အတွေ့အကြုံ ရှိပြီးသားပါ၊ ဒီမှာဖွံ့ဖြိုးမှုအတွက် ခိုင်မာတဲ့ အာရုံစိုက်မှုရှိတယ်၊ လူမှုရေးနဲ့ သက်ဆိုင်တဲ့ စကား ဝိုင်းတွေ ဖြစ်ပေါ်လာဖို့ နဲ့ အလုပ်အကိုင် ဝန်းကျင်အတွက် အရမ်းကိုခိုင်မာမှုရှိတဲ့ တိုးတက်မှုနှုန်းတွေကိုလည်း ပြသထား ပြီးလည်းဖြစ်တယ်၊ ဒါကြောင့် စီးပွားရေး လုပ်ငန်းတွေအတွက် ပြည့်စုံမှုရှိဖို့အတွက် ကောင်းမွန်တဲ့ အခြေခံအုတ်မြစ်လည်း ဖြစ်ပါတယ်။

မဇ္ဈိမ။ ။ အစိုးရသစ်ကလုပ်သားအခွင့်အရေးနဲ့ အလုပ်အကိုင်အခြေအနေ စတာတွေမှာ အာရုံစိုက်ဖို့ လိုအပ်နေပါတယ်၊ NLD အစိုးရရဲ့ ကတိကဝတ် တွေကို ကြည့်ရင်လည်း “ ပြည်သူ့ဘဝမြှင့်တင်ဖို့” “ အခွင့်အလမ်းများဖော်ထုတ်ဖို့” ဆိုပြီးရှိတယ်၊ ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၂ က အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံမှာ ပြောခဲ့တဲ့ စကားမှာသူမအနေနဲ့ လုပ်သားအခွင့်အရေးနဲ့ ပညာရေး.လေ့ကျင့်သင်ကြားရေးနဲ့ ပတ်သတ်ပြီး အထူးပြုပြောဆိုတာကို တွေ့ရတယ်။ ဆိုတော့ ဒီအတွက် စိန်ခေါ်စရာဆိုရင် ခင်ဗျားဘယ်လို မြင်လဲဗျ။

ဝန်ကြီး။  ။ ဒီကိစ္စအတွက်  အစိုးရနဲ့ လွှတ်တော်က ဘယ်လောက်အထိ အမြင့်ဆုံးဦးစားပေးမလဲဆိုတာ သိဖို့ ကောင်းပါတယ်။ ပြီးတော့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းရဲ့ သဘောတူထောက်ခံမှုတွေနဲ့ နိုင်ငံတကာ အလုပ်သမားဥပဒေနဲ့ လိုက်လျောညီထွေမှုရှိရှိ ပြုလုပ်ထားတဲ့ မြန်မာနိုင်ငံအလုပ်သမားဥပဒေအသစ် ကိုသိရှိဖို့လည်း အားပေးကူညီရမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့လုပ်သားဈေးကွက် ဖွံ့ဖြိုးမှုလမ်းကြောင်းကသိပ်ကိုကောင်းပါတယ်။ မြန်မာရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကလည်းထင်သာမြင်သာ ဖြစ်ပေါ်လာနေပါတယ်။ နောက်တစ်ခုက အလုပ်သမား အဖွဲ့အစည်းတွေနဲ့ အစိုးရကြား ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိနေတာကိုလည်း သိမြင်ထားပြီးဖြစ်ပါတယ်။

မဇ္ဈိမ။  ။ အရင်သမ္မတ ဦးသိန်းစိန်လက်ထက် ဖြစ်တဲ့ လွန်ခဲ့တဲ့ အချိန် ၅ နှစ်ကျော် လောက်ကတည်းက လုပ်ခလစာ၊ အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေနဲ့ ဆက်လျဉ်းပြီး အလုပ်ရှင် အလုပ်သမားကြား ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့တယ်၊ အဲဒိမှာတွေ့ရတာက အားကောင်းတဲ့ စကားဝိုင်း ဆွေးနွေးမှုတွေ မတွေ့ရဘူး၊ သိချင်တာက“ စကားဝိုင်း” ဆွေးနွေးမှုက ဘာကြောင့်အရေးပါသလဲ ဆိုတာပါ။

ဝန်ကြီး။  ။ မြန်မာနိုင်ငံရဲ့ လုပ်သားဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်တဲ့နေရာမှာ ဘာကြောင့် ကျွန်တော်တို့ လူမှုစကားဝိုင်း ကိုဦးစားပေးနေရသလဲဆိုတာ အဲဒါပါပဲ။အလုပ်ရှင်နဲ့ အလုပ်သမားကြား..ပြီးတော့ အလုပ်ရှင် အဖွဲ့အစည်းတွေနဲ့ အစိုးရကြား အပြန်အလှန် ခိုင်မာတဲ့ စကားဝိုင်းတွေ တစ်ခုကိုတည်ဆောက်ဖို့ ဖြစ်နိုင်ရင် ပဋိပက္ခပိုနည်းပြီး အရမ်းကို ပြည့်စုံတဲ့ လုပ်သားဈေးကွက်ကို လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော့်ဆီက အသေအချာပြောနိုင်တာက ဒိန်းမတ်-မြန်မာပူးပေါင်းလုပ်ဆောင်မှုတွေဟာ ဖွံ့ဖြိုးပြီးလုပ်ကိုင်နိုင်စွမ်းရှိတဲ့ လုပ်သားဈေးကွက်   ဖြစ်ပေါ်ဖို့ ရွေးချယ်ဖို့ အခွင့်အရေးဖြစ်ပါတယ်။

 

Mizzima Weekly