ဘထ္ထရီမီးလောင်ပေါက်ကွဲမှု ဖြစ်ထားခဲ့သည့် Galaxy Note 7 ဖုန်း ထုတ်လုပ်မှု Samsung ရပ်ဆိုင်း

ဘထ္ထရီမီးလောင်ပေါက်ကွဲမှု ဖြစ်ထားခဲ့သည့် Galaxy Note 7 ဖုန်း ထုတ်လုပ်မှု Samsung ရပ်ဆိုင်း

အောက်တိုဘာ ၁၀ ။                  ။ တောင်ကိုရီးယား အီလက်ထရောနစ် နည်းပညာကုမ္ပဏီကြီးဖြစ်သည့် Samsung က ယင်း၏ Galaxy Note 7 ဖုန်းထုတ်လုပ်မှုကို ရပ်ဆိုင်းထားလိုက်ပြီဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ Galaxy Note 7 ဖုန်း ထုတ်လုပ်ခဲ့ပြီးနောက်ပိုင်း  ဘထ္ထရီမီးလောင်ပေါက်ကွဲမှုပြဿနာဖြစ်ပွားခဲ့ခြင်းကြောင့် ထုတ်လုပ်ပြီး ဖုန်းများကို နိုင်ငံတကာဈေးကွက်များထဲမှ ပြန်သိမ်းခဲ့ရခြင်း၊ ဖုန်းအသစ်ဖြင့် ပြန်လည်အစားထိုး လဲလှယ်ပေးရခြင်းနှင့် အစားထိုးမလဲပေးမီ ဖုန်းများကို အသုံးမပြုရန် လမ်းညွှန်ချက်များထုတ်ပြန်ခဲ့ရခြင်းတို့ကို လုပ်ဆောင်ထားခဲ့ရသည်။

ယင်းအပြင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်းက ဘေးကင်းလုံခြုံစိတ်ချရသည်ဟု ကုမ္ပဏီဘက်က အာမခံပြောကြားကာ အသစ်ပြန်လဲပေးသော Note 7 ဖုန်းတစ်ချို့တွင်လည်း ဆက်လက်၍ အပူချိန်မြင့်တက်မှု ပြဿနာများ ဆက်ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။

ယင်းကဲ့သို့ ဖုန်းဘထ္ထရီပြဿနာတက်ခဲ့သည့် ဖုန်းများအစား အသစ်ပြန်လဲလှယ်ပေးခဲ့သည့် ဖုန်းတစ်ချို့ အပူချိန်တက်ခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ Note 7 ဖုန်းထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီဟု သတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ယခုအခါ Samsung နည်းပညာကုမ္ပဏီအနေဖြင့် တောင်ကိုရီးယား၊ တရုတ်နှင့် အမေရိကန်တို့မှ နည်းပညာဘေးကင်းလုံခြုံရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆွေးနွေးကာ ယခုကဲ့သို့ ထုတ်လုပ်မှု ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ကုမ္ပဏီအမှုထမ်းတစ်ဦးကို ကိုးကား၍ Yonhap သတင်းဌာနက ဖော်ပြသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags