ဘာစီလိုနာတွင် ဆက်နေရန် မန်စီးတီး၊ မန်ယူ၊ ရီးယဲလ်နှင့်ပီအက်စ်ဂျီတို့၏ ကမ်းလှမ်းမှုများကို နေမာ ပယ်ချခဲ့

ဘာစီလိုနာတွင် ဆက်နေရန် မန်စီးတီး၊ မန်ယူ၊ ရီးယဲလ်နှင့်ပီအက်စ်ဂျီတို့၏ ကမ်းလှမ်းမှုများကို နေမာ ပယ်ချခဲ့

အောက်တိုဘာ ၁၀၊ စပိန် ။                 ။ မန်စီးတီး၊ မန်ယူ၊ ရီးယဲလ်နှင့်ပီအက်စ်ဂျီအသင်းတို့သည် ပြီးခဲ့သည့်နွေရာသီက ဘရာဇီးတိုက်စစ်မှူးနေမာကို ခေါ်ယူရန် အပြိုင်အဆိုင်ကမ်းလှမ်းခဲ့ကြသည်။  အသင်းများအားလုံးက နေမာ၏စာချုပ်ပါလျော်ကြေးငွေအတိုင်း ယူရိုသန်း ၁၉၀ အထိပေးချေရန် အသင့်ရှိနေခဲ့ကြသော်လည်း နေမာက ဘာစီလိုနာအသင်းတွင်သာ ဆက်နေရန် ဆုံးဖြတ်ခဲ့ပြီး ကမ်းလှမ်းမှုများကို ပယ်ချခဲ့သည်။

ရီးယဲလ်အသင်းက နေမာကို တစ်နှစ်လျှင်လစာငွေ ယူရို ၃၂ သန်းအပြင် အပိုဆုကြေးငွေ ယူရို ၇၂ သန်းအထိပေးချေရန်အထိ ကမ်းလှမ်းခဲ့သည်။ မန်ယူနှင့် ပီအက်စ်ဂျီအသင်းတို့ကလည်း လစာငွေ ယူရို သန်း ၄၀ အပြင် အပိုဆုကြေးငွေ ယူရိုသန်း ၈၀ အထိပေးချေကြရန် သဘောတူခဲ့ကြသည်။ မန်စီးတီးအသင်း၏ ငွေအမောက်ကိုမူ ဖော်ပြခြင်း မရှိခဲ့ပေ။

ရီးယဲလ်နှင့် မန်စီးတီးအသင်းတို့ကဆိုလျှင် နေမာကိုသာ ခေါ်ယူနိုင်မည်ဆိုပါက အဖိုးတန်အိမ်အပါအဝင် နေမာ၏ဖခင်အလိုရှိတာ မှန်သမျှကို လိုက်လျောပေးရန်အထိ အဆင်သင့်ရှိခဲ့ကြသည်ဟု သတင်းများက ဖော်ပြခဲ့သည်။

ပီအက်စ်ဂျီအသင်းပိုင်ရှင် နက်ဆာအယ်ခီလာဖီကလည်း နေမာ၏နာမည်နှင့် ဟိုတယ်တစ်လုံးဖွင့်လှစ်ပေးမည်ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းပိုင်ဆိုင်မှုပေးမည်ဟု ကမ်းလှမ်းခဲ့သည်။

ထိုကဲ့သို့မက်မောလောက်သည့်ကမ်းလှမ်းမှုများဖြစ်သော်လည်း ဘရာဇီးတိုက်စစ်မှူးက ဘာစီလိုနာတွင်သာ ဆက်ကစားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags