မောင်တော တိုက်ခိုက်မှုဖြစ်စဉ်အပေါ် ဥပဒေနှင့်အညီ တုံ့ပြန််ဖို့ ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြားထားဟုဆို

မောင်တော တိုက်ခိုက်မှုဖြစ်စဉ်အပေါ် ဥပဒေနှင့်အညီ တုံ့ပြန််ဖို့ ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြားထားဟုဆို

နေပြည်တော်(အောက်တိုဘာ ၉ရက်၊ ၂၀၁၆ခုနှစ်)။ ။  မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့များ အကြမ်းဖက်တိုက်ခိုက်ခံရသည့်ဖြစ်စဉ်အပေါ် ဥပဒေနှင့်အညီ တုံ့ပြန်ဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်တင်က ပြန်ကြားရေးဝန်ကြီးဌာနတွင် အောက်တိုဘာ ၉ရက်၊ ညဦးပိုင်းပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

"ကျွန်တော်တို့ မနက်ကပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး အစည်းအဝေးပြုလုပ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တရားဥပဒေနှင့်အညီ တုံ့ပြန်ဆောင်ရွက်ကြဖို့ အလေးအနက်ထားပြီး မှာကြားပါတယ်" ဟု ဦးကျော်တင်က ပြောသည်။

ယနေ့ အောက်တိုဘာ ၉ရက်၊ နံနက် ၁နာရီအချိန်ကစပြီး ရခိုင်ပြည်နယ် မောင်တောနှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့များ၏ စခန်းများဖြစ်သော နခဖ(၁)၊ ဌာနချုပ် (ကျီးကန်းပြင်)နှင့် နခခ(၁)၊ ဒေသ(၂)၊ နယ်မြေ(၅) ငါးခူးရစခန်းနှင့် ရတဖ(၁)၊ ဒေသ(၃) နယ်မြေ(၉) ကိုးတန်ကောက်ကင်းစခန်းအား အမည်မသိသူများက ဝင်ရောက်စီးနင်းခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ယင်းဖြစ်စဉ်အပေါ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ညွှန်ကြားထားခြင်းဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဦးကျော်တင်က ပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင် အရာရှိ(၁)ဦးနှင့် အခြားအဆင့် ၈ဦး စုစုပေါင်း ၉ဦး ကျဆုံးခဲ့သလို အရာရှိ ၁ဦးနှင့် အခြားအဆင့် ၃ဦး စုစုပေါင်း ၄ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး တပ်ဖွဲ့ဝင် အရာရှိ ၁ဦးမှာမူ ပျောက်ဆုံးနေသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ထို့ပြင် လက်နက်မျိုးစုံ ၅၁လက်၊ ခဲယမ်း ၁၀၁၄၀တောင့်၊ စကားပြောစက် ၂လုံးလည်း လုယက်ခံရမှုကြောင့် ဆုံးရှုံးသွားသည်ဟုလည်း ထုတ်ပြန်ထားသေးသည်။

ဝင်ရောက်စီးနင်းတိုက်ခိုက်သူများသည် မည်သည့်အဖွဲ့အစည်းဝင်များဖြစ်သည်ကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးဘဲ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲချုပ်ဇော်ဝင်းကမူ အဆိုပါ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများကို အမိဖမ်းကာ တရားဥပဒေအရ အရေးယူဆောင်ရွက်မှုများပြုလုပ်သွားမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

"အဲ့ဒီကျူးလွန်သူတွေကို ကျွန်တော်တို့ ရအောင်ဖမ်းမယ်။ ဖမ်းပြီးတော့ တရားဥပဒေကြောင်းအရ သူတို့ကို ရင်ဆိုင်ခိုင်းမယ်" ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မောင်တောခရိုင်တခုလုံးအား ညမထွက်ရအမိန့်ကို ယခင်ထက် တင်းကြပ်လိုက်ပြီဖြစ်သည်။ ၂၀၁၂ခုနှစ်ကစတင်ပြီး မောင်တောမြို့တွင် ညမထွက်ရအမိန့်ကို ည ၁၁နာရီမှ နံနက် ၄နာရီထိ သတ်မှတ်ထားသော်လည်း ယနေ့ညနေတွင်မူ ည ၇နာရီမှ နံနက် ၆နာရီသို့ ညမထွက်ရအမိန့်ကို တိုးမြှင့် တင်းကြပ်လိုက်ခြင်း ဖြစ်သည်။

အစိုးရသစ်အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ဘာသာမတူသူ နှစ်ဖက်အသိုင်းအဝိုင်းအကြား အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုနှင့် သဟဇာတဖြစ်မှု ပြန်လည်ရရှိရေး ကြိုးပမ်းဆောင်ရွက်နေချိန်တွင် အကြမ်းဖက်တုံ့ပြန်မှုများ ရှိလာပါက နိုင်ငံတစ်ကာအသိုင်းအဝိုင်း၏ အာရုံစိုက်ခံရခြင်းနှင့် မြန်မာနိုင်ငံအပေါ် အပြစ်တင်ခံရနိုင်သည့် အခြေအနေများ ပေါ်ပေါက်လာနိုင်သည်ဟု ယခုဖြစ်စဉ်အပေါ် ဦးကျော်တင်က သုံးသပ်ပြောဆိုသည်။

ယနေ့ညပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ်ဇော်ဝင်းအပါအဝင် ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်၊ နိုင်ငံခြားရေးဒုဝန်ကြီး ဦးကျော်တင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး တက်ရောက်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly