“ရိုဟင်ဂျာ ဆိုပြီး ကြွေးကြော်ပြီး စီးနင်းတိုက်ခိုက်ပါတယ်” - ရဲချုပ်ဇော်ဝင်း

“ရိုဟင်ဂျာ ဆိုပြီး ကြွေးကြော်ပြီး စီးနင်းတိုက်ခိုက်ပါတယ်” - ရဲချုပ်ဇော်ဝင်း
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၉ရက်၊ ၂၀၁၆ခုနှစ်)။ ။ ရဲတပ်ဖွဲ့ဝင်ပေါင်း (၉)ဦး သေဆုံးခဲ့ရသည့် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့များ အကြမ်းဖက်တိုက်ခိုက်ခံရသည့်ဖြစ်စဉ်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်သူများဘက်က “ရိုဟင်ဂျာ” ဟူ၍ ကြွေးကြော်ကာ အကြမ်းဖက်တိုက်ခိုက်ခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲချုပ်ဇော်ဝင်းက ပြောဆိုလိုက်သည်။

“ ‘ရိုဟင်ဂျာ’ ဆိုပြီး ကြွေးကြော်ပြီး စီးနင်းတိုက်ခိုက်ပါတယ်။ ပြောတဲ့စကားများကလည်း ဘင်္ဂါလီစကားများပဲ ပြောဆိုတာဖြစ်ပါတယ်” ဟု ဖြစ်စဉ်နှင့်ပတ်သက်ပြီး အောက်တိုဘာ ၉ရက်၊ ညဦးပိုင်းက ပြန်ကြားရေးဝန်ကြီးဌာနတွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

အောက်တိုဘာ ၉ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့ရှိ နယ်ခြားစောင့်ဂိတ်များ ဝင်ရောက်စီးနင်းခံရမှုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် အရာရှိ(၁)ဦးနှင့် အခြားအဆင့် ၈ဦး စုစုပေါင်း ၉ဦး ကျဆုံးခဲ့သလို အရာရှိ ၁ဦးနှင့် အခြားအဆင့် ၃ဦး စုစုပေါင်း ၄ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး တပ်ဖွဲ့ဝင် အရာရှိ ၁ဦးမှာမူ ပျောက်ဆုံးနေသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ထားသည်။

ဝင်ရောက်စီးနင်းတိုက်ခိုက်သူများဘက်မှ သေဆုံးသူ ၈ဦးနှင့် ၂ဦးကို အရှင်ဖမ်းမိထားသည်ဟု ရဲချုပ် ဇော်ဝင်းက ပြောသည်။

ယနေ့ နံနက် ၁ နာရီခွဲမှ စတင်ကာ မောင်တောမြို့နယ်မှ နယ်ခြားစောင့်တပ်ဌာနချုပ် ကျီးကန်းပြင်နှင့် ကိုးတန်ကောက်၊ ငခူရ စခန်းများကို အမည်မသိ လက်နက်ကိုင် ၉၀ ကျော်ခန့်မှ ဝင်ရောက်စီးနင်းခဲ့ပြီး ဌာနချူပ်ရှိ လက်နက်တိုက်မှ လက်နက်များကို လုယက်ခဲ့ပြီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်တွင် လက်နက်မျိုးစုံ ၅၁လက်၊ ခဲယမ်း ၁၀၁၄၀တောင့်၊ စကားပြောစက် ၂လုံးလည်း လုယက်ခံရမှုကြောင့် ဆုံးရှုံးသွားသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထိုဖြစ်စဉ်သည် သတင်းရရှိမှုအားနည်းခြင်းကြောင့်ဖြစ်သည်ဟု ရဲချုပ်ဇော်ဝင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး လက်ရှိဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး အောက်ပါအတိုင်း ရှင်းပြသည်။

“တပ်မတော်နဲ့ ပူးပေါင်းပြီးတော့ ရဟတ်ယာဉ်တွေသုံးပြီးတော့ တပ်တွေကိုရွှေ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ရော၊ တပ်မတော်စစ်ကြောင်းများကကော အင်အားတွေ ဖြည့်တင်းထားပါပြီ။  လုံခြုံးရေးကို ပိုမိုတိုးမြှင့်လာအောင် စီမံဆောင်ရွက်လျက်ရှိပါတယ်” ဟု ဆိုသည်။

အလားတူဖြစ်စဉ်များ ဆက်မဖြစ်စေရန်အတွက်ကိုမူ “ဒီ့ထက် ပိုမိုကောင်းမွန်တဲ့ လုံခြုံရေးအစီအမံတွေ ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ရဲချုပ်က ပြောသည်။

ဝင်ရောက်စီးနင်းတိုက်ခိုက်သူများသည် မည်သည့်အဖွဲ့အစည်းဝင်များဖြစ်သည်ကိုမူ စုံစမ်းစစ်ဆေးလျက်ရှိနေပြီး အတည်ပြုထုတ်ပြန်သွားမည်ဟုလည်း ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အထက်ဖော်ပြပါ ဖြစ်စဉ်များကြောင့် မောင်တောခရိုင်တခုလုံးအား ညမထွက်ရအမိန့်ကို ယခင်ထက် တင်းကြပ်လိုက်ပြီဖြစ်သည်။ ၂၀၁၂ခုနှစ်ကစတင်ပြီး မောင်တောမြို့တွင် ညမထွက်ရအမိန့်ကို ည ၁၁နာရီမှ နံနက် ၄နာရီထိ သတ်မှတ်ထားသော်လည်း ယနေ့ညနေတွင်မူ ည ၇နာရီမှ နံနက် ၆နာရီသို့ ညမထွက်ရအမိန့်ကို တိုးမြှင့် တင်းကြပ်လိုက်ခြင်း ဖြစ်သည်။

ယနေ့ညပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ်ဇော်ဝင်းအပါအဝင် ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်၊ နိုင်ငံခြားရေးဒုဝန်ကြီး ဦးကျော်တင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး တက်ရောက်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly