ရဲတပ်ဖွဲ့ဝင် (၉) ဦး ကျဆုံးပြီး လက်နက် ၅၀ ကျော် လုယက်ခံခဲ့ရမှု လက်သည်တရားခံ အတည်မပြုနိုင်သေး

ရဲတပ်ဖွဲ့ဝင် (၉) ဦး ကျဆုံးပြီး လက်နက် ၅၀ ကျော် လုယက်ခံခဲ့ရမှု လက်သည်တရားခံ အတည်မပြုနိုင်သေး

စစ်တွေ၊ အောက်တိုဘာ ၉ ရက် ။             ။ ရဲအရာရှိ အပါအဝင် နယ်ခြားစောင့် တပ်ဖွဲ့ဝင် (၉) ဦး ကျဆုံးစေခဲ့ပြီး လက်နက် ၅၀ နှင့် အထက် လုယက်ခံခဲ့ရသည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်တပ်စခန်းများ တိုက်ခိုက်ခံရမှု၏ လက်သည် တရားခံ အဖွဲ့အစည်းကို အတည် မပြုနိုင်သေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးမင်းအောင်က အောက်တိုဘာ ၉ရက် နေ့လည် ၂နာရီခွဲခန့်က ပြောသည်။

“ကျနော်တို့ဆီကို ဝင်လာတဲ့ သတင်းတွေအရ ဘယ်အဖွဲ့အစည်းဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း လက်နက်တွေပါ ပါသွားတဲ့ကိစ္စဖြစ်နေတော့ လုံခြုံရေးအပိုင်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအရေးအဖြစ် ဆောင်ရွက်နိုင်ဖို့ စီစဉ်နေကြပါတယ်။ မကြာခင်မှာလည်း ကျနော်တို့အနေနဲ့ ရှင်းရှင်းလင်းလင်း ထုတ်ပြန်သွားမှာပါ”

ယနေ့ နံနက် ၁ နာရီခွဲမှ စတင်ကာ မောင်တောမြို့နယ်မှာ နယ်ခြားစောင့်တပ် ဌာနချူပ် ကျီးကန်းပြင်နှင့် ကိုးတန်ကောက်၊ ငခူရ စခန်းများကို အမည်မသိ လက်နက်ကိုင် ၉၀ ကျော်ခန့်မှ ဝင်ရောက်စီးနင်းခဲ့ပြီး ဌာနချူပ်ရှိ လက်နက်တိုက်မှ လက်နက်များကို လုယက်ခဲ့ပြီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများအတွင်း နယ်ခြားစောင့်တပ်မှ အရာအရှိနှင့် တပ်ဖွဲ့ဝင် (၉) ဦးကျဆုံးခဲ့ပြီး ဝင်ရောက်စီးနင်းသူများဘက်မှ (၁) ဦးကျဆုံးကာ (၁) ဦးကို အရှင်ဖမ်းဆီးရခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနှင့် မောင်တောမြို့ တိုက်ခိုက်မှုတွင် လက်သည်တရားခံများကို မည်သည့်အဖွဲ့အစည်းမှ ဖြစ်ကြောင်း အတည်မပြုနိုင်သေးသော်လည်း ဒေသတွင်း သတင်းမီဒီယာများနှင့် သတင်းရင်းမြစ်တချို့က ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲမှုများ ရှိနေသည်။

 “ RSO တွေဘက်က ကိုးတန်ကောက်မှာ တစ်ဦး သေတယ်။ တစ်ဦးကို အရှင် ဖမ်းရထားတယ်။ သူ့ကို လောလောဆယ်မှာ စစ်ဆေးနေပါတယ်။ နှစ်ဖက်လုံး သေတာတွေရှိပါတယ်။ RSO တွေကတော့ ဒေသခံတွေပဲ ဖြစ်နိုင်ပါတယ်။ ဟိုဘက်က လာတာတော့ မဟုတ်လောက်ဘူး။ စစ်ဆေးပြီးရင်တော့ သိရမှာပါ။ အဲဒီအဖွဲ့တွေကို အခု စစ်တပ်က ရောက်လာပြီးတော့ ရှင်းလင်းနေပါပြီ။ ကျီးကန်းပြင် တောင်တန်းဘက်ကို ဆုတ်သွားတယ်လို့ သိရပါတယ်။” ဟု မောင်တောမြို့မ ရဲစခန်းက ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပိုင် သတင်းမီဒီယာ ဖြစ်သော “ရခိုင်ဂေဇက်” သတင်းဌာနတွင် -  နယ်ခြားစောင့်စခန်းများကို RSO ဘင်္ဂလီသောင်းကျန်းသူအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

တိုက်ခိုက်မှုနှင့်ပတ်သက်၍ ယနေ့ နံနက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် အရေးပေါ်အစည်းတရပ်ခေါ်ယူခဲ့ပြီး  ဘူးသီးတောင်နှင့် မောင်တောမြို့နယ်ကို အရေးပေါ်ကြေညာချက်ထုတ်ပြန်နိုင်ရန် ပြည်ထောင်စုအစိုးရ၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ဦးသစ်ဆန်းက ပြောသည်။

စီးနင်းတိုက်ခိုက်ခဲ့သူများမှာ  မောင်တောမြို့နယ်အတွင်း၌သာ ရှိနေသေးပြီး ကျီးကန်းပြင် အနောက်ဘက် တောင်တန်းများသို့ ဆုတ်ခွာလျက်ရှိကြောင်းနှင့် တပ်မတော် စစ်ကြောင်းများက လိုက်လံကာ ပိတ်ဆို့ ရှာဖွေနေသဖြင့် ပစ်ခတ်မှုများ ရှိနေဆဲဖြစ်သည်။

ရခိုင်အရေးနှင့်ပတ်သက်ပြီး နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ယနေ့ည ၇ နာရီ၌ သတင်းစာရှင်းလင်းပွဲ ကျင်းပမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly