ထိုင်းတွင် လူသုံးဦးအား သတ်ဖြတ်သည့် မြန်မာနိုင်ငံမှ အိမ်ရာမဲ့အား စိတ်ဝေဒနာရှင် ဟုတ်မဟုတ် စစ်ဆေး

ထိုင်းတွင် လူသုံးဦးအား သတ်ဖြတ်သည့် မြန်မာနိုင်ငံမှ အိမ်ရာမဲ့အား စိတ်ဝေဒနာရှင် ဟုတ်မဟုတ် စစ်ဆေး

ထိုင်းနိုင်ငံ Pathum Thani ပြည်နယ် Thanyaburi ခရိုင်အတွင်း ပြီးခဲ့သည့်သီတင်းပတ်က အိမ်ရာမဲ့သုံးဦးအား သတ်ဖြတ်ခဲ့သည့် မြန်မာနိုင်ငံမှ အသက် ၂၀ အရွယ် ဘန် ခေါ် ဂျင်မီဆိုသူ အိမ်ရာမဲ့တစ်ဦးအား အောက်တိုဘာ ၇ ရက်က ဖမ်းမိခဲ့ရာတွင် ၎င်းက စိတ်ဝေဒနာရှင်တစ်ဦး ဟုတ်မဟုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့ရှိ တာဝန်ရှိ ရဲအရာရှိ မဟာသာဝေါင်က အောက်တိုဘာ ၉ ရက်တွင် ပြောသည်။

လူသတ်မှုဖြစ်ရာ အနီးရှိ စောင့်ကြည့် စီစီတီဗီ ကင်မရာမြင်ကွင်းတွင် မြင်တွေ့ရသည့် လူမှာ ၎င်းဖြစ်ကြောင်း ဂျင်မီက ဝန်ခံထားသော်လည်း ၎င်းအနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ သတ်ဖြတ်ခဲ့ခြင်း မရှိကြောင်း ငြင်းဆန်သည်။

သို့သော်လည်း ရဲဌာနက ၎င်းတို့ဖမ်းဆီးထားသည်မှာ တရားခံအမှန်ဖြစ်ကြောင်း မျက်မြင်တစ်ဦးအရ ယုံကြည်ထားသည်။ လူသတ်မှုမဖြစ်မီ ယင်းနေရာအနီး ဂျင်မီအား မြင်တွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးက ဂျင်မီဆိုသူသည် သူ့အား လာရောက်၍ လိင်ဆက်ဆံချင်သည်ဟု ပြောဆိုခဲ့ကြောင်း ထွက်ဆိုထားသည်။

ထိုပြင် ခြောက်နှစ်အရွယ်ကလေးတစ်ဦးက ဂျင်မီကိုယ်တိုင် သေဆုံးသူတစ်ဦးကို ရိုက်နှက်နေသည်ကို မြင်တွေ့သည်ဟုဆိုကြောင်း ရဲက ပြောသည်။

အခင်ဖြစ်ရပ်အား စုံစမ်းစစ်ဆေးလျက်ရှိသည့် အဖွဲ့ထံမှ သတင်းရင်းမြစ်တစ်ရပ်က ဂျင်မီကို နောက်ထပ်လူသတ်မှုတစ်ခုအတွက်လည်း သံသယရှိနေကြောင်း၊ စက်တင်ဘာ ၅ ရက်က ပန်းခြံတစ်ခုတွင် သတင်းစာလက်ပွေ့ရောင်းသူတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးခြင်းသည် ဂျင်မီလက်ချက်ပင်ဖြစ်နိုင်သည်ဟု သံသယရှိထားကြောင်း ပြောဆိုသည်။

လက်ရှိတွင် လူသတ်မှုအတွက် ဂျင်မီအပါအဝင် အိမ်ရာမဲ့များအား စုံစမ်းမေးမြန်းမှုများ လုပ်ဆောင်နေသော်လည်း လူသတ်မှုအတွက် ဂျင်မီကို တရားရုံးတင်နိုင်သည့် သက်သေအထောက်အထား မရသေးပေ။ ဂျင်မီသည် နိုင်ငံတွင်းသို့ တရားမဝင်ခိုးဝင်မှုဖြစ် ဖမ်းခံရဖူးပြီး စက်တင်ဘာ ၁၂ ရက်က တက်ပြည်နယ်မှ တစ်ဆင့် ပြည်နှင်ဒဏ်ပေးခဲ့ခြင်းဖြစ်သော်လည်း ၎င်းက ထပ်မံခိုးဝင်လာကာ လူသတ်မှုများ ကျုးလွန်ခြင်းဖြစ်နိုင်ကြောင်း ယင်းသတင်းရင်းမြစ်က ပြောသည်။

ရဲဌာနအနေဖြင့် လူသတ်မှုဖော်ထုတ်ရေးအတွက် သေဆုံးသူများနှင့် ပတ်သက်သည့် ဒီအိုင်အေနှင့် ဂျင်မီထံမှ ဒီအိုင်အေတို့အား တိုက်ဆိုင်စစ်ဆေးနိုင်ရန် စုဆောင်းလျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly