ရခိုင်နယ်စပ် နယ်ခြားစောင့်တပ်စခန်းများ တိုက်ခိုက်ခံရပြီး လက်နက်အများအပြား လုယက်ခံရ

ရခိုင်နယ်စပ် နယ်ခြားစောင့်တပ်စခန်းများ တိုက်ခိုက်ခံရပြီး လက်နက်အများအပြား လုယက်ခံရ

မောင်တော၊ အောက်တိုဘာ ၉ ရက်။          ။ ရခိုင်နယ်စပ်မြို့နယ်များဖြစ်သည့် မောင်တောမြို့နယ်ရှိ ကျီးကန်းပြင်စစ်ဌာနချူပ်၊ အောင်မင်္ဂလာ၊ ငခူရရှိ နယ်ခြားစောင့် စခန်းများနှင့် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ရှိ စခန်းများမှာ ယနေ့ နံနက် ၁ နာရီခွဲ အချိန်ခန့်က စတင်ကာ အမည်မသိ လက်နက်ကိုင်များ၏ တပြိုင်နက် တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း သတင်း ရရှိသည်။

“ကျီးကန်းပြင် ဌာနချူပ်ကို ပထမဦးဆုံး တိုက်ခိုက်ခံခဲ့ရတာပါ။ ကင်းချိန်းချိန်မှာ အလစ်ဝင်ခံလိုက်ရတာပေါ့။ မှောင်နေတော့ သိပ်မသဲကွဲဘူး။ ယူနီဖောင်းတွေ ဝတ်မထားပေမယ့် လက်နက်အပြည့်အစုံ တပ်ဆင်ထားတာတော့ သိရပါတယ်။ ဌာနချူပ်က လက်နက်တိုက် အဖောက်ခံရတယ်။ လက်နက်တွေလည်း ပါသွားတယ်။” ဟု ကျီးကန်းပြင် စစ်ဌာနချူပ်မှ အမည် မဖော်လိုသည့် အရာရှိတစ်ဦးက ပြောသည်။

ကျီးကန်းပြင် စစ်ဌာနချူပ်မှ လက်နက် ၅၀ ကျော်ခန့်မှာ အမည်မသိ တိုက်ခိုက်သူများ၏ လုယက်ခြင်းကို ခံခဲ့ရပြီး တပ်ကြပ်ကြီး (၁) ဦး ကျဆုံးခဲ့ကာ၊ တပ်ဖွဲ့ဝင် (၁) ဦးနှင့် အရပ်သား (၁) ဦးတို့ ဒဏ်ရာ ရရှိခဲ့ကြကြောင်း ၎င်း အရာရှိ၏ ပြောကြားချက်အရ သိရသည်။

ယင်းအပြင် နယ်ခြားစောင့်တပ်ဖွဲ့မှ တပ်ကူများ စီးနင်းလိုက်ပါလာသည့် တပ်မတော်ယာဉ် တစ်စီးမှာ မိုင်းထိခဲ့သော်လည်း တပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း မောင်တောမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းက ပြောသည်။

“စစ်ကားတစ်စီး မိုင်းထိတယ်။ ဒါပေမယ့် ဒဏ်ရာမရဘူး။ ခု တိုက်ခိုက်သူတွေ ဆုတ်ခွာရာ လမ်းတလျှောက်ကို မိုင်း ရှင်းလင်းရေးတွေ လုပ်နေကြပါတယ်။” ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်   စခန်းတွင် တပ်ဖွဲ့ဝင် (၂) ဦး ဒဏ်ရာရရှိခဲ့ပြီး၊ (၁) ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း ကျီးကန်းပြင် စစ်ဌာနချူပ်မှ ၎င်း အရာရှိက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly