KNU ၏ ပူးပေါင်းရန် ကမ်းလှမ်းချက်အပေါ် DKBA (ခွဲထွက်) အဖွဲ့က အကြောင်း မပြန်သေး

KNU ၏ ပူးပေါင်းရန် ကမ်းလှမ်းချက်အပေါ် DKBA (ခွဲထွက်) အဖွဲ့က အကြောင်း မပြန်သေး

ရန်ကုန်၊အောက်တိုဘာ ၈ ။                          ။ DKBA ခွဲထွက် အဖွဲ့ဟု လူသိများသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) ကို ကရင် အမျိုးသားအစည်းအရုံး (KNU) နှင့် ပြန်လည်ပူးပေါင်းရန် KNU ဘက်မှ ကမ်းလှမ်းခဲ့မှုအပေါ် ယခုအချိန်ထိ အကြောင်း မပြန်သေးကြောင်း KNU မှ အထွေထွေ အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲ့က မဇ္ဈိမသို့ပြောသည်။

" ဘာမှထူးထူးထွေထွေ မကြားရသေးဘူးခင်ဗျ၊ လာခြင်း မလာခြင်းကတော့ သူတို့အပေါ်မှာ အခြေခံပါလိမ့်မယ်" ဟု ပဒို စောသောသီဘွဲ့က ပြောသည်။

စာထုတ်ခြင်းသာမကဘဲ လူအနေနှင့် ဆက်သွယ်အကြောင်းကြားထားခြင်းများရှိကြောင်း၊ ကရင်ပြည်နယ်အတွင်း ကရင် လက်နက်ကိုင်အဖွဲ့အစည်းများ ကွဲပြားနေခြင်းကြောင့် လုပ်ငန်းဆောင်တာများ ပြုလုပ်ရာတွင် ခက်ခဲကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

တိုးတက်သော ဗုဒ္ဒဘာသာကရင် အမျိုးသားတပ်မတော်(DKBA)သည် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ဗိုလ်ချုပ် စောမိုရှေး ဦးဆောင်သော ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA)က ထုတ်ပယ်ခံထားရသော အဖွဲ့ဖြစ်သည်။

ဗိုလ်ချုပ် စောကျော်သက် ဦးဆောင်သော DKBA အဖွဲ့သည် လက်ရှိ KNU ၏ တပ်မဟာ ၇ ဌာနချုပ်နယ်မြေ ဘာအံခရိုင် သံလွင်မြစ်အရှေ့ဘက်ခြမ်းအတွင်း လှုပ်ရှားနေပြီး မယ်သဝေါဒေသတွင် ပြီးခဲ့သည့် စက်တင်ဘာလက တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ပူးပေါင်းရန် ကိစ္စနှင့်ပတ်သက်ပြီး DKBA(ခွဲထွက်)ဘက်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးရဲထက်ဆိုသူကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ယင်းကဲ့သို့ ပြန်လည်ပူးပေါင်းမှု ပြုလုပ်ရန် ကရင်အမျိုးသားအစည်းရုံးက အောက်တိုဘာလ ၄ရက်နေ့က ကြေညာချက် တစ်စောင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly