မက်သရူး မုန်တိုင်းကြောင့် ဟေတီတွင် သေဆုံးသူ ရှစ်ရာကျော်သွားပြီဖြစ်

မက်သရူး မုန်တိုင်းကြောင့် ဟေတီတွင် သေဆုံးသူ ရှစ်ရာကျော်သွားပြီဖြစ်

ဟေတီ၊ အောက်တိုဘာ ၈ ။             ။ ဟေတီတွင် ဟာရီကိန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ရာ သေဆုံးသူပေါင်းက ၈၀၀ ကျော်ထက်မနည်း ရှိသွားပြီဖြစ်ပြီး အိုးအိမ်မဲ့သူ ထောင်ပေါင်းများစွာရှိနေသည်။

မက်သရူးဟာရီကိန်း မုန်တိုင်းသည် ဟေတီတွင် တိုက်ခတ်ပြီးနောက် အောက်တိုဘာ ၇ ရက်တွင် ဖလော်ရီဒါရှိ အတ္တလန္တိတ်ကမ်းခြေသို့ တိုက်ခတ်ခဲ့သည်။ အမေရိကတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်သည့်   ဟေတီတွင် ဟာရီကိန်းမုန်တိုင်းကြောင့် အစွန်ဖျားဒေသများမှ သတင်းရသလောက် သိရှိရသည်မှာ အောက်တိုဘာ ၇ ရက်အထိ သေဆုံးသူဦးရေက ၈၄၂ ဦး ရှိကြောင်း ရိုက်တာက ဖော်ပြသည်။

ဂျော်ဂျီယာပြည်နယ်၊ တောင်ကယ်ရိုလိုင်းနား၊ မြောက်ကယ်ရိုလိုင်းနားတို့ တစ်လျှောက် မုန်တိုင်းတိုက်ခတ်ခြင်းကြောင့် လူပေါင်းများစွာ ဘေးလွတ်ရာရွှေ့ပြောင်းကြရသည်။

သမ္မတအိုဘားမားက ပြည်သူများအနေဖြင့် မေ့မေ့လျော့လျော့ မနေကြရန်နှင့် ညွန်ကြားချက်များ ထုတ်ပြန်ပေးနေသည်ကို သတိထား နားစွင့်နေရန် တိုက်တွန်းထားသည်။

“မုန်တိုင်း ဝင်ရောက်နိုင်ပြီး သေကျေပျက်စီးမှုတွေ ဖြစ်လာနိုင်တယ်။”ဟု အိုဘားမားက သတင်းထောက်များအား ပြောသည်။

မက်သရူးဟာရီကိန်းမုန်တိုင်းက ဟေတီအနောက်ပိုင်းကျွန်းစုများတစ်လျှောက် အောက်တိုဘာ ၄  ရက် တစ်နာရီ ၁၄၅ မိုင်နှုန်းဖြင့် တိုက်ခတ်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ လူပေါင်း ၆၁၅၀၀ ယာယီခိုလှုံရေး စခန်းများသို့ ရွှေ့ပြောင်းနေထိုင်ရကြောင်း တာဝန်ရှိသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly