မြန်မာ စစ်အုပ်စုအကုန်လုံးအား အမေရိကန်က ဆန်ရှင် ဖွင့်ပေးလိုက်ပြီ

မြန်မာ စစ်အုပ်စုအကုန်လုံးအား အမေရိကန်က ဆန်ရှင် ဖွင့်ပေးလိုက်ပြီ

အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက ဒဏ်ခတ်ပိတ်ဆို့ထားသည့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအပါအဝင်  လူပုဂ္ဂိုလ်၊ ကုမ္ပဏီများ အားလုံးအား ဒဏ်ခတ်မှုမှ ဖြေလျှော့ပေးသည့် အမိန့်အား အောက်တိုဘာ ၇ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြမှုအရ ဆန်ရှင်ပြန်ဖွင့်ပေးသည့် သမ္မတအိုဘားမား၏ အမိန့်တွင် ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်းနှင့် လက်ရှိဒုတိယသမ္မတဖြစ်သူ ဦးမြင့်ဆွေ၊ သီဟသူရ တင်အောင်မြင့်ဦးတို့လည်း အပါအဝင်ဖြစ်သည်။

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် Htoo Trading Company Limited မှ ဦးတေဇ၊ ဦးပြည့်ဖြိုးတေဇ၊ ယုဇနဦးဌေးမြင့်၊ ဇေကမ္ဘာဦးခင်ရွှေနှင့် Asia World Co.LTD မှ စတီဗင်လော (ခ) ဦးထွန်းမြင့်နိုင် တို့လည်း ပါဝင်သည်။

ထိုပြင် စစ်ဗိုလ်ချုပ်ကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့်အတူ ဒဏ်ခတ်ပိတ်ဆို့စာရင်းဝင် ၎င်းတို့၏ ဇနီးသားသမီးများလည်း ကင်းလွတ်ခွင့် ရသည်။ ကုမ္ပဏီအုပ်စုများကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုမှ ကင်းလွတ်ခွင့်အား အိုဘားမား၏ လက်မှတ်ရေးထိုးမှုတွင် အပါအဝင်ပင်ဖြစ်သည်။

အမေရိကန်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နောက်ပိုင်း ၁၉ နှစ်ကြာ ဒဏ်ခတ်ပိတ်ဆို့မှုအား ယခုကဲ့သို့ ဖြေလျှော့လာခြင်းဖြစ်သည်။

“မြန်မာနိုင်ငံက ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲအပါအဝင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးရေး ကျွန်တော်အနေနဲ့ သံန္ဒိဌာန်ချထားပါတယ်။”ဟု လွှတ်တော်ဥက္ကဌများထံ ပေးပို့သည့် စာတွင် အိုဘားမားက ရေးသားထားသည်။

“မြန်မာနိုင်ငံက ဒီမိုကရေစီ ခိုင်မာစေရေး အပါအဝင် စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်။ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံအစိုးရနဲ့ ပြည်သူတွေကို ဒီလိုစိန်ခေါ်မှုတွေမှာ ဖြေရှင်းနိုင်ရေး အထောက်အကူပေးသွားရမှာဖြစ်တယ်။”ဟုလည်း အိုဘားမားက ရေးသားထားသည်။

သမ္မတအိုဘားမား၏ လက်မှတ်ထိုးသည့် အမိန့်အရ နိုင်ငံခြားပိုင်ဆိုင်မှုအာမခံများ ထိန်းချုပ်ရေးမူဝါဒအားဖြင့် စီးပွားရေးနှင့် ဘဏ္ဍာရေး ဒဏ်ခတ်ပိတ်ဆို့ထားမှုသည်   ရေရှည်အသက်ဝင်တော့မည် မဟုတ်ကြောင်း  အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက ကြေညာသည်။

ပြီးခဲ့သည့်လအတွင်း အိမ်ဖြူတော်ရှိ သမ္မတဘားရတ်အိုဘားမား၏ ဘဲဥပုံရုံးခန်းတွင် ဒေါ်အောင်ဆန်းစုကြည်က သွားရောက် တွေ့ဆုံခဲ့ပြီးနောက် သမ္မတအိုဘားမားက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများအား ရုပ်သိမ်းရန် စီစဉ်လျက်ရှိကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုအလည်အပတ်ရောက်စဉ်က ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ၏ စီးပွားရေးကို အထိနာစေသည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများအား ရုပ်သိမ်းရန် တောင်းဆိုပြီး အမေရိကန်အနေဖြင့်   မြန်မာနိုင်ငံ တွင် လာရောက်ရင်းနှီးမြုပ်နှံလုပ်ကိုင်ပြီး အကျိုးအမြတ်များ ဖော်ဆောင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly