မဇ္စျိမရဲ့ Dialouge အစီစဉ်အရ ရက် ၁၀၀ စီမံချက်အပေါ် သုံးသပ်ခြင်း (ပညာရေး ပြုပြင်ပြောင်းလဲမှု) - ၃

မဇ္စျိမရဲ့ Dialouge အစီစဉ်အရ ရက် ၁၀၀ စီမံချက်အပေါ် သုံးသပ်ခြင်း (ပညာရေး ပြုပြင်ပြောင်းလဲမှု) - ၃

အဲဒီတော့ ကောင်းပါပြီခင်ဗျ။ အခု ပြောသွားတဲ့အထဲမှာလည်း ပညာရေးစနစ်နဲ့ ပတ်သက်ပြီးတော့ အားနည်းချက်တွေ မူဝါဒ အမှားအယွင်းတွေကို ကျွန်တော်တို့ ထောက်ပြခဲ့တာ ရှိတယ်။ ဒါဆိုရင် ကျွန်တော်တို့ ဒီမူဝါဒအမှားတွေ ဒါမှမဟုတ်လို့ရှိရင် အားနည်းချက်တွေကို ကျွန်တော်တို့ ဘယ်လိုပြင်ကြမလဲ။ ကာလ ဘယ်လောက်အထိ သတ်မှတ်မလဲ။

ဦးအာကာမိုးသူ (အထွေထွေ အတွင်းရေးမှူး)

မြန်မာနိုင်ငံ ဆရာများသမဂ္ဂ အဖွဲ့ချုပ်

ပြင်မယ့်ဟာက အခုစပြင်တာ ကောင်းတယ်။ စလုပ်ရမယ်။ လုပ်တဲ့အခါမှာ ငါတို့လုပ်တယ်လို့ မဟုတ်ဘူးပေါ့။ ဘယ်ကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ကြမလဲဆိုတဲ့ အကြံပြုတဲ့ဟာမျိုး လိုအပ်တယ်ပေါ့နော်။ ကျွန်တော်တို့ သင်ရိုးညွှန်းတန်းဆွဲတယ်တို့ တစ်ခုခုကို ပြဌာန်းတယ်လို့ ဆိုတာတောင်မှ ပြောမယ်ဆိုရင် တက္ကသိုလ်က ပါမောက္ခတွေ သူတို့က အုပ်ချုပ်ရေးနယ်ပယ်မှာ နေတဲ့သူတွေက ပြဌာန်းတာ။ တကယ်တမ်း စာသင်နေတဲ့ ဆရာ/ဆရာမတွေရဲ့ အခက်အခဲတွေ စာသင်လို့ရှိရင် ဘယ်လိုမျိုးနည်းနဲ့ စာသင်လိုက်ရင်ကောင်းမလဲ အဲဒီစာပိုဒ်က ရွေးချယ်သင့်သလား၊ မရွေးချယ်သင့်ဘူးလား ကျောင်းသားနဲ့ အခုခေတ်က အံဝင်သေးသလား၊ အံမဝင်သေးဘူးလားဆိုတဲ့ ဆရာ/ဆရာမတွေရဲ့ အကြံဉာဏ်ကို ယူခြင်းမရှိဘူး။ ဒီပုံစံအတိုင်းသွားတယ်။ သွားတဲ့အခါမှာ ကိုယ်ဆွဲတဲ့ဒီဇိုင်းကိုက သင်ရိုးညွှန်းတန်းတွေက ကျောင်းသားတွေကို ဘာပေးမလဲပေါ့။

ကျွန်တော်တို့ ဒီ တက္ကသိုလ်တွေက အလုပ်ရုံစက်ရုံတွေမဟုတ်ဘူး။ လုပ်သားတွေကိုထုတ်တဲ့ စက်ရုံမဟုတ်ဘူး။ ဘယ်လိုပြောမလဲဆိုရင် အရည်အချင်းရှိတဲ့သူတွေကို ကိုယ့်ဘာသာကိုယ် ရပ်တည် တတ်အောင် သင်ပေးလိုက်တဲ့နေရာ၊ ကိုယ့်ဘာသာကိုယ် စဉ်းစားတွေးခေါ်တတ်အောင် လုပ်ပေးလိုက်တဲ့ နေရာကြီးတစ်ခု ဖြစ်ဖို့လိုတယ်။ အဓိကကတော့ ကျောင်းတွေက ဘာဖြစ်နေလဲဆိုရင် အစိုးရတစ်ရပ်ရဲ့ ပေါ်လစီတွေကို သင်ကြားပေးရတဲ့နေရာက ပြဿနာလာဖြစ်နေတယ်။ အဲဒါကို ကုစားဖို့လိုတယ်။ နံပါတ်တစ်အချက်ပေါ့။ အဲဒါကိုမြင်တယ်။ အဲဒါကိုမြင်တဲ့အခါမှာ ကျွန်တော်တို့က အခြားနိုင်ငံတွေကို သွားကြည့်တဲ့အခါမှာ ဝက်စာချာတွေကို မွေးထုတ်တဲ့ ကျောင်းသူကျောင်းသားတွေကို ဆွဲတဲ့ဒီဇိုင်းက တစ်မျိုး နောက်ပြီးတော့ စင်ကာပူပညာရေးကို ကျွန်တော်တို့ ကြည့်တဲ့အခါမှာ သူက အလုပ်သမားတွေကို မွေးထုတ်တာ။ အလုပ်သမားတွေကို မွေးထုတ်တဲ့ ပညာရေးနဲ့ နောက်ပြီးတော့မှ လူဖြစ်အောင် သင်ကြားပေးတဲ့ ပညာရေးစနစ်က မတူဘူး။ ကျွန်တော်တို့က ဘာကိုရွေးချယ် မလဲဆိုတဲ့ဟာကို ပြတ်သားဖို့တော့ လိုတယ်လို့ ကျွန်တော်တစ်ချက် တွေးဆတယ်ပေါ့။

ကလေးတွေက စဉ်းစားတွေးခေါ်တတ်တဲ့ အရည်အချင်းတစ်ခု ရလာပြီဆိုလို့ရှိရင် သူ ဘယ်အလုပ်ပဲ သွားလုပ်လုပ် စဉ်းစားတွေးခေါ်တတ်။ ဝေဖန်တတ်တဲ့ ပညာရေးတစ်ခုနဲ့ ရှင်သန်လာတဲ့အချိန်မှာ ကြိုက်တဲ့နေရာမှာ သူရှင်သန်လို့ရတယ်။ ဘယ်အလုပ်ပဲလုပ်လုပ် ရတယ်။ အဲဒီစနစ်ကို စာသင်ခန်းစနစ်ထဲကနေ တစ်ခါတည်း ပြုစုပျိုးထောင်ပေးဖို့ လိုတယ်ပေါ့နော်။ ကျွန်တော် စာသင်ခန်းသေးသေး   လေးကို သွားကြည့်တဲ့အခါမှာလေ နဲနဲ ရှည်တော့ရှည်မယ်ပေါ့။ နဲနဲပြောကြည့်မှ ရမယ့်အနေအထားမျိုးပေါ့။ ဘာလဲဆိုရင် သူက စာသင်ခန်းထဲမှာ ဘာမှမဟုတ်ဘူး။ သမိုင်းလေးကို သင်တဲ့အခါမှာ သမိုင်းလေးက သေးသေးလေး။ လက်တစ်ဝါးစာ ဖက်လိုက်ရင် ပြီးတဲ့ပုံလေ။ ဒါပေမယ့် သူက ဘာလုပ်ပေးလဲဆိုရင် ကျောင်းသူကျောင်းသားကို စဉ်းစားတတ်တဲ့ဟာကို လုပ်ပေးတဲ့အခါမှာ ပုံလေးတစ်ပုံ ရယ် စာရေးတဲ့ စာပိုဒ်လေးတစ်ပိုဒ်ရယ် နောက်ပြီးတော့ လူသတ်သမားကိုယ်တိုင် ဝန်ခံထားတဲ့ဟာရယ် အဲဒါလေးကို သေးသေးလေး ပြောပြီးတာနဲ့ သူက မေးခွန်းလေးတွေလာတာ။ သမိုင်းကို ဘယ်သူကရေးတာလဲ။ ဓာတ်ပုံတစ်ပုံက ဆရာကရေးတာလား။ နောက်ပြီးတော့ ဝင်စတန် ချာဂျီက ရေးတာလား။ လူသတ်သမားကပဲ ရေးတာလားဆိုတဲ့ ဟာကို သူက စာသင်ခန်းထဲမှာ ကလေးတွေကို   မေးတာ။ မေးတဲ့အခါမှာ ကလေးက ကြီးလာတဲ့အခါမှာ ဘာမြင်လာလဲဆိုရင် Primary source ဆိုတာ ဘာလဲ Socondary source ဆိုတာဘာလဲ။ သူက နားမယောင်တော့ဘူး။ ကျွန်တော်တို့ သိလွယ်မြင်လွယ်တဲ့ လူတွေကို သူက ဘာလဲဆိုရင် ဝါဒမှိုင်းနဲ့ ဖျက်လို့မရတော့ဘူး။ ငယ်ငယ်ကတည်းကနေပြီးတော့မှ စာသင်ခန်းထဲကနေပြီးတော့မှ သူ့ကို   မွေးထုတ်ပေးလိုက်တာ။   မွေးထုတ်ပေး လိုက်တာက သူတို့က တော်ရုံတန်ရုံသတင်းများ ကြည့်လိုက်လို့ ဘာမှကိုမဖြစ်တာ။ ဒါက ဘာလဲဆိုတာ ဘာကြောင့်ရေးတာလဲ Source က ဘယ်ကလာတာလဲ။ တစ်ခါတည်း အဲဒီ ငါးတန်းခြောက်တန်း ကကလေးကို ပေးထားတာ။ ကျွန်တော်တို့မှာ ဘယ်သူက ရေးထားမှန်းမသိ ဘယ်သူက ပြဌာန်းထားမှန်းမသိဘဲ အလွတ်ကျက်ရတဲ့ ပညာရေးစနစ်မှာ ကျွန်တော်တို့ ရှင်သန်လာတဲ့အခါမှာ တစ်ခုခုပြောရင် အမြန်ဆုံး ယုံလွယ်တယ်။ သူတို့မေးတဲ့ပြဿနာက သမိုင်းကို ဘယ်သူကရေးသလဲဆိုတဲ့ မေးခွန်းနဲ့ သူက အဆုံးသတ်တာ။ သူက အဲဒီမေးခွန်းထဲမှာ ဘာလဲဆိုရင် ဘယ်သူမှ သမိုင်းရေးဆရာမဟုတ်ဘူူးတဲ့။ သင်ကိုယ်တိုင် ဒီလိုမျိုး ဆန်းစစ်နိုင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင် ဆရာဖြစ်ပါတယ်ဆိုတဲ့ စာသင်ခန်းတွေကို သူတို့က တည်ဆောက်ထားတာ။ 

မဇ္ဈိမ

အဲဒီတော့ ဆရာမ ဒေါ်သူသူမာကို ကျွန်တော် မေးပါရစေ။ ဆရာပြောသွားတာက Critical Thinkings နဲ့ ပတ်သက်ပြီးတော့ မေးသွားတာပေါ့နော်။ အဲတော့ ဆရာမတို့ NNER ကလည်း Critical Thinkings နဲ့ ပတ်သက်ပြီးတော့ လုပ်လာတာရှိတယ်။ နောက်တစ်ခုက မူဝါဒအမှားတွေ၊ သင်ရိုးအမှားတွေ ဆိုတော့ ကျွန်တော်တို့ သင်ရိုးကို ဘယ်လိုပြင်ကြမလဲ။ ကာလ ဘယ်လောက်ထိယူမလဲ ဘယ်လိုလုပ်သင့်လဲ။ အဲဒါကို ဆရာမ တစ်ချက် ဆွေးနွေးပေးပါလား။

ဒေါ်သူသူမာ (အဖွဲ့ဝင်)

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)

ကျွန်မ အဲဒါလေးကို ခုနက ဆရာပြောသွားတာလေးနဲ့ ဖြည့်ပြီးတော့ ပြောကြည့်ပါမယ်။ ဥပမာ ကျွန်မတို့က အစိုးရသစ်တက်လာတဲ့အခါမှာ မျှော်လင့်ချက်တွေ အများကြီးရှိတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ တက်လာတဲ့အစိုးရက ဒီမိုကရေစီအစိုးရဖြစ်တယ်။ အဲဒီတော့ ကျွန်မတို့ နှစ်ပေါင်းများစွာကတည်းက ဖြစ်နေတဲ့ ပြဿနာတွေ ပဋိပက္ခတွေ အဲဒါတွေကို ကျွန်မတို့ ဒီနေ့   ဖြေရှင်းခွင့် ရပြီပေါ့နော်။ အရင်တုန်းက မတရားမှုတွေ မညီမျှမှုတွေကို ဒီလိုစကားဝိုင်းတွေဆီကို ခေါ်လာလို့ရပြီ။ ခုနကလို ငြိမ်းချမ်းရေးစကားဝိုင်းမှာ ကျွန်မတို့ ပညာရေးအကြောင်း ပြောလို့ရပြီပေါ့။ အဲဒါကို ကျွန်မတို့က မူဝါဒရေးရာ ရှုထောင့်က ကြည့်ရင်တော့ ခုနကပြောတဲ့ မူဝါဒတစ်ရပ်ဆိုတာက ပညာရေးစနစ်မှာ ဘယ်လိုအတွေးအခေါ်တွေ ဘယ်လိုအယူအဆတွေ ဘယ်လိုသင်ရိုးညွှန်းတန်းတွေ ဘယ်လိုသင်ကြားနေတယ် ဘယ်လိုလူတွေက ဘယ်လိုလုပ်မလဲဆိုတာကို ကျွန်မတို့ မူဝါဒမှာ ထည့်သွင်းဆွေးနွေးဖို့အတွက် ကျွန်မတို့မှာ ငြင်းခုန်ဆွေးနွေးရမယ့်အချက်တွေ အများကြီးရှိသေးတယ်။

အဲဒါတွေကို ကျွန်မတို့ ငြိမ်းချမ်းရေးစကားဝိုင်းတွေမှာ ဆွေးနွေးရင်းနဲ့ မူဝါဒရေးရာ ဖြေရှင်းနည်းကို ကျွန်မတို့သွားဖို့ ပြောနေကြတဲ့အချိန်မှာ ဒါဆိုလို့ရှိရင် ဆရာမတွေ ဆရာခုနကပြောတဲ့ စာသင်ခန်းတွေ မှာ အရေးကြီးတာက ဆရာမတွေလို့ ပြောချင်တာပါ။ ခုနက ဆရာကလည်း ထောက်ပြသွားပါတယ်။ ဆရာတွေက အစိုးရတစ်ရပ်ကို တာဝန်ခံရတဲ့သူတွေပဲ ဖြစ်နေတယ်။ တကယ်ဆိုရင် သူတာဝန်ခံရမှာ က ကျောင်းသားရဲ့ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု ပညာရေးအရည်အသွေးကို တာဝန်ခံရမယ့်သူတွေဖြစ်တယ်။ ဒါပေမယ့် လက်တွေ့ ဒီနေ့အထိ ဖြစ်နေသေးတာက အစိုးရတစ်ရပ်ကိုပဲ တာဝန်ခံတယ်။ အစိုးရတောင်မှ ပြီးခဲ့တဲ့ အစိုးရတွေထဲကနေ ကျင့်သုံးလာတဲ့ လူတစ်စု လူတစ်ဖွဲ့ကနေပြီး ပြဌာန်းထားတဲ့ မူဝါဒတွေကို လိုက်နာရသော သူများဆိုတဲ့ တာဝန်ခံရတဲ့သူများပဲ ဖြစ်ပါတယ်။ အဲတော့   ကျောင်းသားတစ်ယောက်ကို ကူညီဖို့ ဆရာရဲ့လွတ်လပ်ခွင့်က ပျောက်နေတယ်လို့ ပြောချင်တာဆရာ။

 ပြီးတော့ အဲဒီလွတ်လပ်ခွင့်တွေကို ဒီနေ့ ကျွန်မတို့ ပြန်ပေးရမယ်။ အဲဒီလွတ်လပ်ခွင့်မှာ အဟန့်အတားဖြစ်နေတာတွေကို ဆွေးနွေးရမယ်။ ခုနကပြောသလိုပဲ စာသင်ခန်းထဲမှာ ဘယ်လိုမျိုး ပုံစံတွေ ဖန်တီးပေးရမယ်ဆိုတာကို ပြောသွားတယ်။ ကျွန်မတို့မှာက အလွတ်ကျက်မှတ်ထားတဲ့ စနစ်ကပဲ လွှမ်းမိုးထားတဲ့အခါကျတော့ ကလေးတွေကိုလည်း စဉ်းစားဖို့အခွင့်အရေး မပေးခဲ့ဘူးပေါ့။ အဲသလိုမျိုး မပေးခဲ့တဲ့အတွက် ကလေးတွေက ခုနကပြောတဲ့ ဝေဖန်ပိုင်းခြားတဲ့စနစ်တွေ မရှိတဲ့အတွက် ကျွန်မတို့မှာ ဘယ်ဟာက မှားတယ်မှန်တယ်ဆိုတာ ဆုံးဖြတ်ပိုင်ခွင့် မရှိတဲ့အတွက် ဆရာလည်း မလွတ်လပ်ဘူး ကျောင်းသားလည်း မလွတ်လပ်ဘူး။ အဲဒီတော့ ဒီကနေ့ စာသင်ခန်းတွေကို ဆရာရော၊ ကျောင်းသားရော၊ အတူတကွ သင်ယူပြီး လွတ်လပ်တဲ့ စာသင်ခန်းတွေအဖြစ် ပြန်သွားချင်တယ်။ အဲဒါဆိုရင်တော့ ကျွန်မတို့က Critical Thinkings ကို အခြေတည်သော အခြေပြုသော ပညာရေးပုံစံကို ကျွန်မတို့ ပြောင်းဖို့လိုတယ်။

ဒါဆိုရင် သေချာတဲ့နည်းတစ်ခုနဲ့ ပြောင်းလိုက်ရင် ရမလားဆိုတော့လည်း မရပါဘူး။ အခု နှစ်ပေါင်းများစွာ ဘာဖြစ်လာoလဲဆိုတော့ တစ်ပုံစံတည်းတူညီတဲ့ သင်ရိုးညွှန်းတမ်းဆိုင်ရာ ပြဌာန်းမှု ဖတ်စာအုပ်ဆိုင်ရာ ပြဌာန်းမှုတွေ ကျွန်မတို့မှာ အငြင်းပွားမှုတွေရှိပါတယ်။ ဆရာတို့ ကျွန်မတို့ သိတဲ့အတိုင်း ဒီနိုင်ငံက တိုင်းရင်းသားပေါင်းစုံ နေထိုင်တဲ့နိုင်ငံဖြစ်တယ်။ ဒါပေမယ့် သင်ရိုးညွှန်းတန်းပုံစံက တစ်ပုံစံတည်း ပြထားတဲ့အတွက် သင်ရိုးညွှန်းတန်းရဲ့ ဆိုးကျိုးတွေ ပြဿနာတွေ အများကြီး ကျွန်မတို့ ပညာရေးနယ်ပယ်မှာ ရှိပါတယ်။ ဒါကို ဒီကနေ့လည်း ပြောဆိုနေပါတယ်။ ဆိုလိုချင်တာက ဒီ ဖတ်စာအုပ်   တွေ သင်ရိုးညွှန်းတန်းတွေထဲကနေ သင်ရတဲ့ ဘာသာရေး လူမှုရေး နိုင်ငံရေးဆိုင်ရာ လွှမ်းမိုးမှုတွေ ရှိနေတယ်။ အဲဒါတွေကို ကျွန်မတို့ ဒီကနေ့ ပြင်ရပါမယ်ဆရာ။ မူဝါဒရေးရာဘက်ကလည်း လာမယ့် ပညာရေးစနစ်မှာ သင်ရိုးညွှန်းတန်းလွတ်လပ်ခွင့်ဆိုတာ ဘယ်လိုဖြစ်သင်ဆိုတာကို ကျွန်မတို့ ဆွေးနွေးကြရပါလိမ့်မယ်။

တစ်ပြိုင်နက်တည်းမှာပဲ ကျွန်မတို့ စာသင်ခန်းတွေမှာ အမုန်းတရားတွေ ပဋိပက္ခတွေကို ဦးတည်သော တစ်ယောက်နဲ့တစ်ယောက် ကြားထဲမှာ မကျေနပ်မှုကို ဖြစ်စေသော အရာတွေကို ကျွန်မတို့ ချက်ချင်း လျော့ချရပါမယ်။ ဒါမှ ဒီကနေ့ ကျွန်မတို့ ပြောပြောနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲက ပညာရေးကဏ္ဍကို မူဝါဒရေးရာ ရှုထောင့်ကနေဆို ဘယ်လိုလုပ်မလဲ။ လက်တွေ့စာသင်ခန်းထဲမှာဆိုရင် ဘယ်လိုလုပ်မလဲ ကျွန်မအယူအဆကတော့ ဆရာတွေကလည်း သူတို့လည်း ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့သူတွေပါပဲ။ အဲဒီတော့ ဆရာတွေကဏ္ဍ အရမ်းအရေးကြီးတယ်လို့ ပြောချင်တာပါ။ ဆရာတွေကို ခုနကပြောသလို လစာတွေတိုးပေးပါ။ သူတို့ရဲ့ လူမှုရေးထောက်ပံ့မှုတွေ တစ်ဖက်တည်းမှာလည်း သူတို့ရဲ့ အရည်အသွေး ကျွမ်းကျင်မှုဆိုင်ရာတွေကိုလည်း မြှင့်တင်ပေးမယ်။ တစ်ပြိုင်နက်တည်း သူတို့ကို လွတ်လပ်ခွင့်တွေ ပေးရမယ်ဆရာ။ ဘာဖြစ်လို့လဲဆိုတော့ စာသင်ခန်းထဲမှာက ဆရာ ခုနကပြောတာတွေက အကုန်ဆက်စပ်တယ်။ စာသင်ခန်းမှာ ငြိမ်းချမ်းရေး ဘယ်လိုတည်ဆောက်မလဲ။ စာသင်ခန်းကနေ ကျွန်မတို့ အတူတကွ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်ပြီးတော့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ဟာတွေက ဒီကနေ့ကို ပြောနေကြတဲ့အခါမှာ သင်ရိုးညွှန်းတန်းပြဿနာတွေ ပါလာပါတယ်။ စစ်ဆေးရေးပုံစံတွေပါလာတယ်။ သင်ကြားရေးတွေ ပါလာတယ်။

ကျွန်မတို့ တိုင်းရင်းသားတွေဘက်သွားတော့ ချင်းတိုင်းရင်းသားဆရာတစ်ယောက် ပြောတာရှိတယ်။ ကျွန်တော်တို့တိုင်းရင်းသားတွေ အကြောက်ဆုံးက စစ်ပွဲနဲ့ စာမေးပွဲပါတဲ့။ အဲတော့ ကျွန်မတို့မှာ စာမေးပွဲဆိုတာ ခုနက စစ်ဆေးရေးပေါ့။ ဒီစစ်ဆေးရေးပုံစံတွေ အကုန်လုံးက စာသင်ခန်းထဲ အစဉ်အမြဲ ပတ်သက်နေတဲ့အရာတွေဖြစ်တယ်။ ဒါကြောင့် ကျွန်မတို့က ဆရာတွေကို ရှေ့ဘာဆက်လုပ်မလဲ သင်ရိုးညွှန်းတန်းတွေ ပြင်ဖို့လိုသလို ကျွန်မတို့ ဆရာကဏ္ဍကို အမြန်ဆုံး ပြောင်းလဲပေးပါလို့ အရင်ဆုံး ပြောချင်ပါတယ်။

ဆက်လက် ဖော်ပြပါမယ်။

အပိုင်း (၁)

http://www.mizzimaburmese.com/article/18586

အပိုင်း ( ၂)

http://www.mizzimaburmese.com/article/18767

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly