ရခိုင် သယံဇာတ ရခိုင်သားတို့ ပိုင်ဆိုင်ခွင့်အတွက် မိုင် ၃၀၀ ကျော် လမ်းလျှောက် ချီတက်မည်

ရခိုင် သယံဇာတ ရခိုင်သားတို့ ပိုင်ဆိုင်ခွင့်အတွက် မိုင် ၃၀၀ ကျော် လမ်းလျှောက် ချီတက်မည်

စစ်တွေ၊ အောက်တိုဘာ ၇ ။             ။ ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် ရွှေသဘာဝ ဓာတ်ငွေ့နှင့် အခြား သယံဇာတများ အပါအဝင် မြေယာပိုင်ဆိုင်ခွင့်၊ ကိုယ်ပိုင် ပြဌာန်းခွင့်များ  ရရှိရေးအတွက် မိုင်ပေါင်း ၃၀၀ ကျော်ဝေးသည့် စစ်တွေမြို့မှ ကျောက်ဖြူမြို့သို့ လမ်းလျှောက်ချီတက်ပြီး ခရီးစဉ်အတွင်း ဟောပြောပွဲများ ပြု လုပ်သွားမည် ဖြစ်သည်။

“ ကျွန်မတို့ ရခိုင့်သယံဇာတနဲ့ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်နေပြီးတော့ ပြီးခဲ့တဲ့လ ၁၂ ရက်နေ့က ရန်ကုန်မှာ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ရှင်းလင်းပွဲကတော့ ရခိုင်ပြည်နယ် တစ်ခု လုံးက သဘာဝ သယံဇာတ ခွဲဝေ သုံးစွဲရေးအတွက် လက်မှတ် ကောက်ခံတဲ့ ကိစ္စပါ။ အဲဒီ နောက်ဆက်တွဲဖြစ်တဲ့ လမ်းလျှောက် ချီတက်ပွဲတစ်ခုကို လုပ်မယ် ဆိုပြီးတော့ ရခိုင်ပြည်နယ် တစ်ခုလုံးက ပါဝင်တဲ့ အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးပြီး ဒီကနေ့မှာ ဆုံးဖြတ်ခဲ့တာပါ” ဟု ကွန်ရက် အဖွဲ့၏ ဒါရိုက်တာအဖွဲ့ဝင် ဒေါ်ညိုအေးက ပြောသည်။

ချီတက် လမ်းလျှောက်မှု ပြုလုပ်နေစဉ်တွင် လမ်းတစ်လျှောက်ရှိ ကျေးရွာများ၊ မြို့များတွင် ပြည်သူများအား သယံဇာတ အကြောင်းအရာများကို နားလည် သဘောပေါက်စေရန်နှင့် ချီတက် လမ်းလျှောက် ရခြင်း၏ ရည်ရွယ်များကို သိရှိစေရန် အတွက်လည်း ဟောပြောပွဲများကိုပါ ပြုလုပ်သွားမည်ဖြစ်သည်။

အချိန်အားဖြင့် ၁၃ ရက်ခန့်ကြာမြင့်မည့် စစ်တွေမှ ကျောက်ဖြူသို့ ချီတက်ရာ လမ်းတလျှောက်မှ ကျေးရွာ၊ မြို့နယ်များရှိ ဒေသခံများပါ လိုက်ပါနိုင်ရန်လည်း   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   ဒေါ်ညိုအေး က ပြောသည်။

“ အခု အရပ်ဖက် အစိုးရတက်လာပြီးတဲ့ နောက်မှာ ဒီသယံဇာတတွေနဲ့ ပါတ်သက်ပြီးတော့ ချထားတဲ့မူတွေကို မသိရ သေးဘူး။ ဒါကြောင့် လွှတ်တော်ထဲမှာရော ပြည်သူလူထုကိုရော အရပ်ဖက် အစိုးရ ကနေပြီးတော့ သယံဇာတတွေကို တစ်နိုင်ငံလုံး အတိုင်းအတာအရ သူ့ပြည်နယ်နဲ့သူ ခွဲဝေသုံးစွဲနိုင်ဖို့အတွက် ဥပဒေတစ်ရပ် ရေးဆွဲနိုင်အောင်အတွက် တိုက်တွန်းချက် တစ်ခုအနေနဲ့   ဖြစ်လိမ့် မယ်လို့လည်း ရည်ရွယ်ပါတယ်”ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly