ရန်ကုန် ဇူလိုင် ၁၅ ။ ။ အမျိုးသမီးများကို အကြမ်းဖက်မှုမှ ကာကွယ်ပေးရန် ရည်ရွယ်၍ရေးဆွဲခဲ့သော "အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ရေးစောင့်ရှောက်ရေးဥပဒေ (မူကြမ်း)" နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည့် အခမ်းအနား ကိုနေပြည်တော်ရှိ Hotel Royal Ace တွင် ဇူလိုင် ၁၆ ရက်၌ ကျင်းပမည်ဟု ဥပဒေကြမ်း ရေးဆွဲရာတွင် ပါဝင်သည့် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက် (Gender Equality Network)မှ ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူက မဇ္ဈိမကို ပြောသည်။
ဒေါ်မေစံပယ်ဖြူက “အမျိုးသမီးတွေအတွက် ကောင်းမွန်သော အကာအကွယ်ရဖို့ ဥပဒေတစ်ရပ်က လိုကို လိုအပ်နေပါတယ်။ ဒီဥပဒေကို လွှတ်တော်မှာ အတည်ပြုဖို့အတွက် လည်းမျှော်လင့် ပါတယ်”ဟုဆိုသည်။
အဆိုပါ ဥပဒေကြမ်းသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက် (Gender Equality Network)၊ ကုလသမဂ္ဂ ကျား၊ မ ရေးရာအဖွဲ့ (UN Gender Theme Group) တို့အတူပူးပေါင်း ရေးဆွဲခဲ့သည့် ဥပဒေဖြစ်သည်။
ဒေါ်မေစံပယ်ဖြူက “ ဒီရှင်းလင်းပွဲမှာ ဝန်ကြီးဌာနဘက်ကဘယ်လောက်ပြောဆို ဆွေးနွေးသွားသလဲ ဆိုတာအပေါ်မူတည်ပြီးမှ မီဒီယာကို ဒီရှင်းလင်းပွဲနဲ့ ပတ်သက်ပြီးတော့ပြောပြလို့ရမှာဖြစ်ပါတယ်” ဟုလည်း ဆိုသည်။
ယင်းဥပဒေမူကြမ်းကို ဖေဖော်ဝါရီ ၂ရက်ကကျင်းပသော ပြည်သူ့လွှွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ဒဿမနေ့ တွင် ဘားအံမဲဆန္ဒနယ် မှဒေါ်နန်းစေအွာက တင်သွင်း၍ လွှတ်တော် တွင်ထောက်ခံမဲ ၃၂၂မဲ၊ ကြားနေ ၇မဲ၊ ကန့်ကွက်မဲ ၂၃မဲ ဖြင့် ဆက်လက်ဆွေးနွေးရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။
ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဒေါ်ဆူဇန်နာလှလှစိုးက “ဒီဥပဒေကို လွှွှတ်တော်တင်နိုင် ပြီဆိုရင်တော့ ငါးဆယ် ရာခိုင်နှုန်းအောင်မြင်ပြီ ပြောရမယ်။ အတည်ပြုနိုင်ပြီဆိုရင်တော့ ခေတ်အဆက်ဆက်မြန်မာ အမျိုးသမီးတွေ အတွက်အကျိုး ရှိစေမယ့် ဥပဒေဖြစ်လို့ အနာဂတ်မျိုးဆက်အတွက် ကျွန်မတို့ ကကောင်းမွေ ပေးနိုင်ခဲ့တယ်ဆိုရမယ်” ဟုဆိုသည်။
ယင်းဥပဒေကြမ်းတွင် အခန်း၁၈ခန်းပါဝင်ပြီး အမျိုုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာကိစ္စများတွင် ရုပ်ပိုင်းစိတ်ပိုင်းနှင့် အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ ဥပဒေများအပြင် နည်းပညာကို အသုံးချ၍ အမျိုုးသမီးများကိုအကြမ်းဖက်ခြင်းဆိုင်ရာ ကိစ္စရပ် အထိ ထည့်သွင်းရေးဆွဲကာ ပြစ်ဒဏ်များလည်း ပါဝင်ရေးဆွဲထားသည်။ ယခင်က အမျိုုးသမီးများအပေါ် အကြမ်းဖက်မှု ဆိုင်ရာ ကိစ္စများတွင် ပြစ်မှုဆိုင်ရာ ဥပဒေများဖြင့်သာ အရေးယူ အပြစ်ပေးနေသော်လည်း အဆိုပါဥပဒေ အတည်ပြု ပြဌာန်းပြီးပါက ယင်းဥပဒေဖြင့်သာ အရေးယူတော့မည်ဖြစ်သည်။