၂၀၁၅-၁၆ လာလီဂါပွဲစဉ်ဇယားများ ထုတ်ပြန်ကြေညာ

၂၀၁၅-၁၆ လာလီဂါပွဲစဉ်ဇယားများ ထုတ်ပြန်ကြေညာ

ဇူလိုင် ၁၅၊ စပိန်။ ။ ၂၀၁၅-၁၆ လာလီဂါပွဲစဉ်ဇယားများကို လာလီဂါဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်သည်။

လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းသည် ပထမဆုံးအဖွင့်ပွဲစဉ်တွင် ဘီလ်ဘာအိုအသင်းနှင့် အဝေးကွင်းတွင် သွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နည်းပြဘင်နီတက်ဇ်၏ ရီးယဲလ်အသင်းမှာ တန်းတက် စပို့တင်းဂီဂျွန်နှင့် အဝေးကွင်းတွင် ကစားရမည် ဖြစ်သည်။

ရီးယဲလ်နည်းပြသစ် ဘင်နီတက်ဇ်၏ ပထမဆုံး အယ်ကလက်စီကိုဒါဘီပွဲစဉ်အဖြစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဘာနေဗျူးကွင်း၌ကစားရမည် ဖြစ်ပြီး ဒုတိယ အယ်ကလက်စီကိုဒါဘီပွဲစဉ်မှာ ဧပြီလ ၃ ရက်နေ့၌ ဘာစီလိုနာအသင်း၏ နူးကမ့်ကွင်းတွင် ကစားရမည် ဖြစ်သည်။

ရီးယဲလ်နှင့် အက်သလက်တို့၏ ပထမမက်ဒရစ်ဒါဘီမှာ ပွဲစဉ် ၇ တွင်ပါဝင်ပြီး အောက်တိုဘာ ၄ ရက်တွင် အက်သလက်အသင်း၏အိမ်ကွင်း ဗင်းဆင့်တေးကယ်ဒါရွန်၌ ကစားမည် ဖြစ်သည်။ ဒုတိယမက်ဒရစ်ဒါဘီမှာ ပွဲစဉ် ၂၆ တွင်ဖြစ်ပြီး ထိုပွဲစဉ်ကို ၂၀၁၆ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဘာနေဗျူးကွင်း၌ ကစားမည် ဖြစ်သည်။

လာလီဂါပွဲစဉ်များကို ၂၀၁၅ သြဂုတ်က ၂၃ ရက်နေ့တွင် စတင်ကစားမည် ဖြစ်ပြီး ၂၀၁၆ မေလ ၁၅ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်သည်။
ပထမဆုံးပွဲစဉ် ၁ တွင် လီဗန်တေး-ဆယ်လ်တာဗီဂို၊ အက်သလက်-လက်စ်ပါးမက်စ်၊ မာလာဂါ-ဆီဗီလာ၊ ဘီလ်ဘာအို-ဘာစီလိုနာ၊ ဂရန်နာဒါ-အီဘာ၊ အက်စ်ပန်ညို-ဂီတာဖေး၊ ဘက်တစ်-ဗီလာရီးယဲလ်၊ စပို့တင်းဂီဂျွန်-ရီးယဲလ်၊ ဒီပို့တီဗို-ဆိုစီဒက်၊ ဗယ်လ်ကာနို-ဗလင်စီယာတို့ ကစားရမည် ဖြစ်သည်။

ရီးယဲလ်အသင်းမှာ ရာသီအစပွဲစဉ်များတွင် ပွဲချောင်လျက်ရှိနေသော်လည်း ဘာစီလိုနာအသင်းမှာ ဘီလ်ဘာအို၊ မာလာဂါ၊ အက်သလက်စသည့်အသင်းများနှင့် ဆက်တိုက် တွေ့ဆုံရမည် ဖြစ်သည်။ ထို့နောက် ပွဲစဉ် ၇ တွင် ဆီဗီလာနှင့် ထပ်မံတွေ့ဆုံရမည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly