မန်စီးတီးသို့ပြောင်းနိုင်ခဲ့၍ ဝမ်းမြောက်ပျော်ရွှင်မိသည်ဟု စတာလင်းပြော

မန်စီးတီးသို့ပြောင်းနိုင်ခဲ့၍ ဝမ်းမြောက်ပျော်ရွှင်မိသည်ဟု စတာလင်းပြော

ဇူလိုင် ၁၅၊ မန်ချက်စတာ။ ။ လီဗာပူးလ်မှ မန်စီးတီးသို့ပေါင် ၄၉ သန်းဖြင့်ပြောင်းနိုင်ခဲ့၍ တက်ကြွပျော်ရွှင်မိကြောင်းနှင့် အဓိကဆုဖလားများကို စိန်ခေါ်ရန်အဆင်သင့်ဖြစ်နေပြီဟု စတာလင်းကပြောဆိုလိုက်သည်။

အင်္ဂလန်နိုင်ငံ၏ဈေးအကြီးဆုံးကစားသမားဖြစ်လာပြီးနောက် အသက် ၂၀ အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်ကစားသမားက အီတီဟတ်တွင် ခြေစွမ်း တိုးတက်လာလိမ့်မည်ဟုလည်း ယုံကြည်နေသည်။

"အားလုံးပြီးသွားပြီဖြစ်လို့ ပျော်နေပါတယ်။ စောင့်လည်းမစောင့်နိုင်တော့ဘူး။ ပိုကောင်းတဲ့ကစားသမားတွေရှိနေတာက ကျွန်တော့်ခြေစွမ်းကို ပိုကောင်း လာစေပါလိမ့်မယ်"ဟု စတာလင်းကပြောသည်။

လီဗာပူးလ်အသင်းနှင့် ၂၀၁၇ အထိစာချုပ်သက်တမ်းကျန်သည့် စတာလင်းသည် တစ်ပတ်လစာ ပေါင်တစ်သိန်းဖြင့် ငါးနှစ်စာချုပ်သစ်ချုပ်ရန် ကမ်းလှမ်းခံရခြင်းကို ပယ်ချခဲ့သည်။

၂၀၁၀ တွင်ကျူပီအာမှ လီဗာပူးလ်သို့ပြောင်းလာခဲ့သည့် စတာလင်းသည် ၎င်းကို မြေတောင်မြှောက်ပေးခဲ့သည့် လီဗာပူးလ်နည်းပြသုံးဦးနှင့် လီဗာပူးလ်အသင်းက တစ်ပတ်ပေါင်ကိုးသိန်းဖြင့်ကမ်းလှမ်းလာလျှင်ပင် လက်မခံနိုင်ဟုပြောဆိုခဲ့သည့်အေးဂျင့် အိတ်ဒီဝဒ်ကို ချီးကျူးကျေးဇူးတင်စကားဆိုခဲ့သည်။

"နှစ်တိုင်းအောင်မြင်မှုတွေရနိုင်တဲ့ ကမ္ဘာ့အဆင့်အသင်းဆိုတာက ကျွန်တော့်ကို စိတ်လှုပ်ရှားမှုအဖြစ်စေဆုံးအချက်ဖြစ်ပါတယ်။ အသက် ၁၅ နှစ်အရွယ်မှာ ကျွန်တော့်ကိုခေါ်ယူခဲ့တဲ့ ရာဖေးဘင်နီတက်ဇ်ကိုကျေးဇူးတင်မိပြီး စိန်ခေါ်မှုအသစ်တွေအတွက် ခြေလှမ်းကြီးတစ်ရပ်ဖြစ်ခဲ့ရပါတယ်။

ငယ်ရွယ်တဲ့အသက်အရွယ်မှာပဲ ကျွန်တော့်ကိုယုံကြည်ပေးခဲ့တဲ့ ဒဲလ်ဂလစ်ရှ် ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို ပွဲထွက်ခွင့်ပေးခဲ့ပြီး ကျွန်တော့်အရည်အချင်းကို ကမ္ဘာကသိစေခဲ့တဲ့ ဘရန်ဒန်ရော်ဂျာကိုလည်း ကျေးဇူးတင်ပါတယ်။

နောက်ဆုံးကျေးဇူးတင်ချင်တာကတော့ ကျွန်တော့်ပတ်ဝန်းကျင်က အမေနဲ့ ညီမ၊ ကျွန်တော့်ရဲ့စီမံခန့်ခွဲမှုအဖွဲ့၊ ကျွန်တော်ဒီနေရာရောက်အောင် အာရုံ စိုက်ကြိုးစားပေးတဲ့ အေးဂျင့် အိတ်ဒီဝဒ် တို့ဖြစ်ပါတယ်"ဟု စတာလင်းက ဆိုသည်။

ဗြိတိန်ဈေးအကြီးဆုံးကစားသမားများ
------------------------------------------
ဂါရတ်ဘေးလ် (စပါးမှ ရီးယဲလ်မက်ဒရစ်) ပေါင် ၈၅ ဒသမ ၃ သန်း

ရာဟင်စတာလင်း (လီဗာပူးလ်မှ မန်စီးတီး) ပေါင် ၄၉ သန်း

အန်ဒီကာရိုးလ် (နယူးကာဆယ်မှလီဗာပူးလ်) ပေါင် ၃၅ သန်း

ရီယိုဖာဒီနန် (လိဒ်မှ မန်ယူ) ပေါင်သန်း ၃၀

လုခ်ရှော (ဆောက်သမ်တန်မှမန်ယူ) ပေါင် ၂၇ သန်း

ဝိန်းရွန်နီ (အဲဗာတန်မှ မန်ယူ) ပေါင် ၂၇ သန်း

ဂျိမ်းစ်မီလ်နာ (ဗီလာမှ မန်စီးတီး) ပေါင် ၂၆ သန်း

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly