Eleven Media Group ၏ စီအီးအိုကားကို ကုန်းသီးဖြင့် ပစ်ရာတွင် ပါဝင်သူများ ဖမ်းမိ

Eleven Media Group ၏ စီအီးအိုကားကို ကုန်းသီးဖြင့် ပစ်ရာတွင် ပါဝင်သူများ ဖမ်းမိ
အမှုဖြစ်စဉ်တွင် ပါ၀င်သည့် ယာဉ်မောင်း။ ဓါတ်ပုံ - Yangon Police

Eleven Media Group ၏ စီအီးအို ဒေါက်တာသန်းထွဋ်အောင် စီးလာသောကားကို လေးခွ ကုန်းသီးဖြင့် ပစ်ခတ်ရာတွင် ပါဝင်သူများကို ဖမ်းဆီးရရှိပြီးဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဇူလိုင် ၁၅ ရက်တွင် ၎င်းတို့၏ ဝဘ်ဆိုဒ်မှ တဆင့် သတင်းထုတ်ပြန်လိုက်သည်။

ဇူလိုင်လ ၁၄ ရက် ည ၆ နာရီ အချိန်ခန့်တွင် ဒေါက်တာသန်းထွဋ်အောင်၏ စီးလာသည့် ကားသည် တာမွေအဝိုင်းဘက်က ပြည်ထဲရေး မီးပွိုင်ဘက်သို့ မောင်းနှင်လာစဉ် ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းနှင့် မင်းလမ်း ထိပ်တွင် အမျိုးသားနှစ်ဦးက တစ်ဘက်ယာဉ်ကျောမှ နေ၍ ယာဉ်အနီးရောက်ရှိလာပြီး လေးခွ ကုန်းသီးဖြင့် ၆ ချက်ဆင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်အပြီးတွင် တစ်ဘက်ယာဉ်ကြော၌ ရပ်ထားသည့် ယာဉ်ပေါ်သို့ ၎င်းအမျိုးသားနှစ်ဦးက တက်ရောက် ထွက်ပြေးသွားခဲ့သည်။ ပစ်ခတ်မှုကြောင့် ယာဉ်ရှေ့ဝဲဘက်တံခါးမှန်တွင် အက်ကွဲခဲ့ပြီး တန်ဖိုးကျပ်ငွေ သိန်း ၂၀ ခန့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မောင်းနှင်ထွက်ပြေးသွားသည့် ယာဉ်နံပါတ်ကိုလိုက်၍ စုံစမ်းစစ်ဆေးရာမှ အသုံးပြုသည့် ယာဉ်ကို မောင်းသည့် ယာဉ်မောင်းကို သာကေတမြို့နယ်တွင် ဖမ်းဆီးမိခဲ့ပြီး ယင်းမှ တဆင့် အမှုတွင် ပါဝင်သူ တစ်ဦးကို မြောက်ဥက္ကလာ တည်းခိုခန်း တစ်ခုတွင် ဖမ်းဆီးခဲ့သည်။

ကိုယ်တိုင် ပစ်ခတ်သူ နှစ်ဦးကိုမူ ဖမ်းဆီးမိခြင်း မရှိသေးဘဲ ဆက်လက် ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ Eleven Media Group ၏ ဝဘ်ဆိုဒ်တွင် ဒေါက်တာ သန်းထွဋ်အောင်က “
လုပ်ကြံတဲ့သူတွေထဲမှာ အသက် ၂၅ နှစ်နဲ့ ၃၀ ကျော် ဝန်းကျင်တွေပါနေတယ်။ အခုလိုမျိုးလုပ်ကြံတာတွေက ကျွန်တော်တို့ Eleven Media Group ရဲ့ရပ်တည်ချက်နဲ့ လုပ်ဆောင်ချက်တွေကို ဘယ်လိုမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး”ဟု ဇူလိုင် ၁၄ ရက်က ပြောကြားထားသည်။

ဒေါက်တာသန်းထွဋ်အောင်က အမှုဖွင့်တိုင်ကြားသဖြင့် ဗဟန်းမြို့မရဲစခန်းတွင် (ပ)၃၀၇/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၀၇/၄၂၇/၁၁၄ ဖြင့် အမှုလက်ခံထားရှိအမှုကို လက်ခံ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းလုပ်ကြံမှုသည် လူများစွာအသုံးပြု၍ စနစ်တကျ အကွက်ချလုပ်ကြံခြင်းဖြစ်နိုင်သည်ဟုလည်း ဒေါက်တာသန်းထွဋ်အောင်၏ သုံးသပ်ချက်ကို Daily Elevenသတင်းစာတွင် ဖော်ပြထားသည်။

ဖြစ်စဉ်တွင် ဒေါက်တာသန်းထွဋ်အောင်မှာ ထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်း ၎င်းစီးနှင်းလိုက်ပါလာသည့် ယာဉ်အရှေ့ရှိ အခြားယာဉ်အားတိုက်မိမှုဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly