စွန့်ပစ်အမှိုက်ကို လူသုံးပစ္စည်းဖြစ်အောင် ပြန်လည်ဖန်တီးသူ ဒေါ်ယဉ်ယဉ်ထွန်း

05 October 2016
စွန့်ပစ်အမှိုက်ကို လူသုံးပစ္စည်းဖြစ်အောင် ပြန်လည်ဖန်တီးသူ ဒေါ်ယဉ်ယဉ်ထွန်း

မြန်မာနိုင်ငံတစ်ဝှမ်းမှာ အသင့်စား အစားအစာတွေက ထွက်လာတဲ့ အမှိုက်တွေဟာ နေ့စဉ်နဲ့အမျှ တန်နဲ့ချီ များပြားပါတယ်။ အဲဒီအထဲက အသင့်ဖျော် သောက်သုံးနိုင်တဲ့ ကော်ဖီမစ် အိတ်ခွံတွေကို စုစည်း ပြင်ဆင်ပြီး စွန့်ပစ်ပစ္စည်းကနေ လက်မှုပစ္စည်းဖြစ်အောင် ဖန်တီးတီထွင်နိုင်သူ အမျိုးသမီးတစ်ဦး ရှိပါတယ်။ သူကတော့ ဒေါ်ယဉ်ယဉ်ထွန်းပါပဲ။

စစ်ကိုင်းတိုင်း မင်းကွန်းဒေသဟာ ဘာသာတရား ကိုင်းရှိုင်းသူများ ပျော်မွေ့ရာ အပူပိုင်းဖြစ်သော်လည်း သစ်တောသစ်ပင်များ စိမ်းလန်းဆဲနေရာအဖြစ် လူသိများကြပါတယ်။ သမိုင်းကျောရိုးကို လှန်လှောရမယ်ဆိုရင်လည်း ကုန်းဘောင်မင်း ခြောက်ဆက်မြောက် ဘိုးတော်မင်း ဦးဝိုင်း(ခေါ်) ဗဒုံမင်းမှာ သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ နေရာလည်းဖြစ်ပါတယ်။

စွန့်ပစ်ပစ္စည်းတွေကို လက်မှုပစ္စည်းဖြစ်အောင် တီထွင်ဖန်တီးတတ်တဲ့ ဒေါ်ယဉ်ယဉ်ထွန်းဟာ အဲဒီ မင်းကွန်းဒေသ အထင်ကရနေရာတစ်နေရာဖြစ်တဲ့ ခြင်္သေ့ကြီးနှစ်ကောင်ဘေးမှာ ချက်မြှုပ်ခဲ့သူ ဖြစ်ပါတယ်။

ဒေါ်ယဉ်ယဉ်ထွန်းက သူ့ရဲ့ မိဘမျိုးရိုးအကြောင်း စတင်ပြောပြတဲ့အခါ သူ့ရဲ့ မိဘစဉ်ဆက် နေထိုင်ခဲ့လာခဲ့ပုံက စိတ်ဝင်စားစရာကောင်းတာ တွေ့ကြရပါတယ်။

“ကုန်းဘောင်မင်းတည်ပေါ့နော်။ ရွှေဘို ဦးအောင်ဇေယျရဲ့ မြေး ၁၀ ယောက်ကနေပြီးတော့မှ မင်းကွန်းပုထိုးတော်ကြီး ဘုရားဒါယိကာ ဘိုးတော်ဦးဝိုင်းက သာသနာပြုလုပ်ငန်းတွေနဲ့ အခြေချပြီး လုပ်ကိုင်တဲ့အချိန်မှာ အမတို့ အဘိုး ၁၀ ယောက်ကနေပြီးတော့မှ ဒီမှာ မင်းကွန်းကို လုပ်အားပေး ဆင့်ခေါ်တဲ့အတွက် ရောက်ရှိလာခဲ့တာ။ ရောက်ရှိလာခဲ့တဲ့အခါမှာ အမတို့ အဘိုးအဖွားတွေက နှစ်ရှည်လများ မင်းကွန်းပုထိုးတော်ကြီး ခြသေ့ၤကြီး ခေါင်းလောင်းကြီး ရေကန်ကြီးပေါ့နော် ဒီကြီးလေးကြီး သာသနာပြုရင်းနဲ့ နှစ်ရှည်လများ နေလာတဲ့အခါမှာ မင်းကွန်းမှာ အခြေချပြီး မင်းကွန်းရွာလေး တည်ခဲ့ပါတယ်။

အမတို့မိသားစုက အကုန်လုံး အားလုံး ကျောင်းနေနေတာ ၅ ယောက်ရှိပါတယ်။ ၅ ယောက်ထဲမှာ ၁၀ တန်းရှိတယ်။ တက္ကသိုလ် ဒုတိယနှစ်ရှိတယ်။ ကိုးတန်းရှိတယ်။ ခြောက်တန်းရှိတယ်။ အဲလိုပေါ့ ကျောင်းသား ၅ ယောက်ရဲ့ တာဝန်ကိုလည်း အမက ယူထားရတယ်ပေါ့နော်။ မိသားစုရဲ့ စားဝတ်နေရေးကိုလည်း အမက တာဝန်ယူထားရတယ်။ အမျိုးသားကတော့ ကျန်းမာရေး တော်တော်ချို့တဲ့လို့ သူက ဘာမှကို မလှုပ်ရှားနိုင်ဘူး။ မိသားစုရဲ့ စားဝတ်နေရေးကိုလည်း အခုလက်ရှိ မစွမ်းဆောင်ပေးနိုင်ပါဘူး။ အိမ်စောင့်အနေလောက်ပဲ ရပါတယ်။ သူကတော့ အိမ်ကြီးကြပ်လောက်ပဲပေါ့။”

ဒေါ်ယဉ်ယဉ်ထွန်းအနေနဲ့ လူတကာ စွန့်ပစ်ထားကြတဲ့ စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ အချိုရည်ဗူးခွံတွေ၊  ကော်ဖီအိတ်ခွံတွေနဲ့ ပလပ်စတစ်ပိုက် အစရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကို သူ အမြဲ စိတ်ဝင်စားနေခဲ့သူ အလေးအနက်ထား စဉ်းစားနေခဲ့သူဖြစ်ပါတယ်။ စွန့်ပစ်ပစ္စည်းတွေကို လူသုံးပစ္စည်းအဖြစ် ပြန်လည်ပြုပြင်တီထွင်လုပ်ကိုင်ဖို့ကိုလည်း စိတ်ဝင်စားခဲ့ပါတယ်။ သူ့ရဲ့ အဲသလို တီထွင်ပြုလုပ်ဖို့ စတင်နိုင်ခဲ့ပုံကလည်း စိတ်ဝင်စားဖို့ကောင်းနေတာ တွေ့ရပြန်ပါတယ်။

“အမက ၈၈ နောက်ပိုင်းမှာ ကချင်ပြည်နယ်ဘက်ကို အမ ထွက်သွားခဲ့တယ်။ ထွက်သွားခဲ့တဲ့အခါမှာ အမတို့ ကချင်ပြည်နယ်ဒေသအလိုက် ကျောက်ရှာ ကျောက်တူးတဲ့အလုပ်တွေပဲ လုပ်စားရတာပေါ့နော်။ အမကျွမ်းကျင်တဲ့ လက်မှုပညာနဲ့ကလည်း ဘယ်လိုမှ မအပ်စပ်တဲ့အခါကျတော့ အမတို့ တစ်နိုင်တစ်ပိုင် ကျင်းလေးတွေတူးတာပေါ့။ ကချင်ပြည်နယ်မှာ။ အဲလိုလုပ်တဲ့အခါမှာ အမတို့ မိသားစု စားဝတ်နေရေးအတွက်တော့ အဆင်ပြေတာပေါ့။ ၉၃ ခုနှစ် နောက်ပိုင်းမှာ အစိုးရနဲ့ ဖက်စပ်လုပ်တဲ့ ကုမ္ပဏီတွေ ဝင်လာတဲ့အခါမှာ အမတို့ ပုဂ္ဂလိက လက်ကျင်းလေးတွေက ကုမ္ပဏီဧရိယာနဲ့ မလွတ်ဘူးဆိုပြီးတော့မှ ပုဂ္ဂလိက လက်ကျင်းတူးတဲ့သူ ကချင်၊ ရှမ်း၊ ဗမာ အားလုံး စုစုပေါင်း ၄၈ ယောက်ကို တရားစွဲဆိုပြီးတော့မှ အမတို့ အဖမ်းခံခဲ့ရတယ်။ အဖမ်းခံရပြီးနောက်ပိုင်းမှာ အမတို့ ထောင်ဒဏ် ၁ နှစ်ကျတယ်။ ကုမ္ပဏီရဲ့ နယ်နိမိတ်ကို မလွတ်ဘူးဆိုပြီးတော့မှ တရားစွဲခံရတဲ့အခါမှာတော့ အမတို့ ၄၈ ဦး တစ်နှစ်စီ ထောင်ကျခဲ့ပါတယ်။”

ဒေါ်ယဉ်ယဉ်ထွန်းဟာ ထောင်နံရံကြားကနေပဲ ဒီလိုအမှိုက်တွေကို ခိုးဝှက်စုဆောင်းပြီး လက်မှုအသုံးအဆောင်အဖြစ်နဲ့ ဖန်တီးခဲ့ပါတယ်။ နေ့စဉ် မီးရှို့ပစ်တဲ့ ကော်ဖီမစ်ခွံတွေရဲ့ အနံ့ဆိုးတွေကြောင့် ထောင်ထဲမှာနေထိုင်သူတို့ရဲ့ ကျန်းမာရေးအခြေအနေတွေ ထိခိုက် ခံစားနေရတာကို မကြည့်ရက်တော့တဲ့ သူမဟာ အကြံအစည်တစ်ချို့ကို လျှို့ဝှက်စွာ အကောင်အထည် ဖော်ခဲ့ပါတယ်။

 

“အဲဒီကော်ဖီအိတ်လေးတွေကို မီးမရှို့ခင် ကောင်းတဲ့အိတ်လေးတွေ လှတဲ့ဟာလေးတွေကို ရွေးရွေးပြီးတော့ စုထားတယ်။ စုထားတဲ့အခါမှာ တစ်ကြိမ်မက နှစ်ကြိမ်မက သုံးကြိမ်မက အမက ဒီကော်ဖီအိတ်တွေကို ဒီဇိုင်းလေးတွေထုတ်ဖို့ အိုင်ဒီယာရှာတာပေါ့။ အိုင်ဒီယာရှာတယ်ဆိုတာကလည်း အမတို့က ကက်ကြေးတွေ ဓားတွေ ချွန်ထက်တဲ့အရာတွေပါမှ ဒီ လက်မှုပစ္စည်းဆိုတာကလည်း လုပ်လို့ရတာလေ။ အဲဒီအခါမှာ အမတို့ ထောင်ထဲမှာက ချွန်ထက်တဲ့ပစ္စည်းက ဘောလ်ပင်တောင် မကိုင်ရဘူး။ သွားတိုက်တံတောင် ချိုးပစ်တယ်။ အဲလိုမျိုး မကိုင်ရတဲ့အခါမှာ သန့်ရှင်းရေးတွေ ဝင်လာတယ်။ လုံခြုံရေးတွေ ရှာဖွေရေးတွေ ဝင်လာတယ်။ ကော်ဖီအိတ်တွေ တွေ့တယ်။ အမှိုက်တွေကို ဒီလို စုထားရမလားဆိုပြီးတော့ ခဏခဏ အရိုက်ခံရတယ်။ အပြစ်ပေးခံရတယ်။ တစ်ရက်မှာ အိမ်က ထောင်ဝင်စာလာတွေ့တဲ့ ချိုင့်ထဲမှာ စတီးဇွန်းလေးတစ်ချောင်း ပါလာခဲ့တယ်။ အဲဒီဇွန်းလေးကို မြင်လိုက်တာနဲ့ အမက ဦးဏှောက်ထဲမှာ အိုင်ဒီယာက ပေါ်လာခဲ့ပြီ။ အဲဒီစတီးဇွန်းလေးကို ညဘက် လူတွေအိပ်တဲ့အချိန်မှာ အုတ်နီခဲနဲ့ ထုပြီးတော့ ပြားအောင်လုပ်တယ်။ နေ့ဆိုရင်လည်း အဲလိုပဲ လူတွေနားနေတဲ့အချိန် ဇွန်းလေးကို ထက်နေအောင်သွေးတယ်။ အဲဒီလို အကျဉ်းအကြပ်ကြားထဲကနေ အိုင်ဒီယာလေးကို ရှာခဲ့ရတာ။ နောက်ဆုံးတော့ တစ်ယောက်ထိုင်ခင်းဖျာလေး ဖြစ်သွားတာပေါ့နော်။ အဲဒီ ဖျာလေးတစ်ချက်ကို အိတ်ခွံပေါင်း ၇၀၀ ကျော် ကုန်တယ်”

သူမရဲ့အကြံအစည်တွေ အောင်မြင်ခဲ့ပြီးတဲ့နောက်မှာတော့ အတူနေသူ ထောင်းတွင်း အမျိုးသမီးတို့ရဲ့ ဘဝတွေကိုပါ ကူညီ မြှင့်တင်ပေးနိုင်ဖို့အတွက် ဆက်လက် ကြိုးစားခဲ့ပါတော့တယ်။

“ကုသိုလ်ကံလည်းမကောင်းတော့ အသက်မွေးမှု အတတ်ပညာလည်းမတတ်တော့ ဘဝလုံခြုံမှုလည်း မရှိတော့ ဒီလိုအပျက်အဆီးတွေမှာ အကျဉ်းထောင်ထဲကို ရောက်လာကြတဲ့အခါမှာ သနားတာပေါ့နော်။ ဘဝရပ်တည်မှုလေးတွေ ကြမ်းတမ်းတယ်ဆိုပြီးတော့ သနားတာပေါ့။ သနားတော့ သူတို့ကို ဒီအတတ်ပညာပါ ပေးရုံတင်မကဘူး အသိပညာပါ အမက ပေးတာပေါ့နော်။ ဘဝကို ဘယ်လိုဖြတ်သန်းရမယ်၊ ဘယ်လို ရုန်းကန်ရမယ်ဆိုတဲ့ အသိပညာတွေလည်း ပေးတယ်။ နောက်ပြီး အတတ်ပညာကိုလည်း သူတို့ကို စိတ်ရှည်လက်ရှည်နဲ့ သင်ပေးတယ်။ နောက်ပြီးတော့ စက်ချုပ်ပေါ့။ မြစ်ကြီးနားထောင်ကနေပြီးတော့မှ ချုပ်ထည်တွေလာအပ်တယ်။ အဲဒီမှာ ထောင်ပိုင်က အမကို တစ်လကို ၇၀၀ ပေးတယ်။ လစာပေါ့နော်”

သူမ ထောင်ကျခဲ့တဲ့အချိန်က စုစုပေါင် ၇ လ ကြာခဲ့ပါတယ်။ အမှန်က သူမအတွက် ဒီအချိန်က နည်းနေတယ်လို့တောင် ခံစားခဲ့ရပါတယ်တဲ့။

“အထူးလျော့ရက်တွေနဲ့ဆိုတော့ အမ အရမ်းဝမ်းနည်းတာ။ အမက စိတ်ထဲမှာ တစ်နှစ်နေရဦးမယ်လို့ ထင်ထားတာ။ တစ်နှစ်ကိုတောင်မှ အချိန်က နည်းသေးတယ်ပေါ့နော်။ အမက အမတတ်ထားတဲ့ပညာတွေကို အမျိုးသမီးတွေကို သင်ပေးချင်တာပေါ့နော်။ အဲဒီလိုဖြစ်တဲ့အခါမှာ ၇ လနဲ့ မထင်မှတ်တဲ့အချိန်မှာ အထူးလျော့ရက် ရလို့ လွတ်စေဆိုတဲ့အခါမှာ ထောင်ဝန်ထမ်းတွေကနေပြီးတော့ စာရွက်ကြီးနဲ့ အော်ဝင်လာတော့ အမ အရမ်းဝမ်းနည်းတာ။ မပျော်ဘူးပေါ့နော်။ အခုအချိန်ထိ အမက စဉ်းစားလိုက်ရင် ဝမ်းနည်းလာတယ်။ (ငိုလျက်)။ သူတို့ဘဝလေးတွေအတွက်ပေါ့နော်”

မေတ္တာစေတနာအရင်းခံနဲ့ ကြိုးစားပြုပြင်ပေးခဲ့တဲ့ သူမရဲ့စွမ်းဆောင်မှုတွေကြောင့် ထောင်ထဲမှာအတူနေခဲ့တဲ့ ညီမငယ်တချို့ လူမှန်နေရာမှန် ဖြစ်သွားတဲ့အခါမှာ သူမ ရလိုက်တာတစ်ခုကတော့ ပီတိသာ ရှိပါတယ်။

“ထောင်ကထွက်လာပြီးနောက်ပိုင်းမှာ အမသင်ပေးခဲ့တဲ့ ညီမလေးပေါ့နော် သူက ပြည့်တန်ဆာမှုနဲ့ ထောင်ကျခဲ့တာ။ သူကလည်း ပြောမယ်ဆိုရင် အတန်းပညာ အရည်အချင်းကလည်း မနိမ့်ပါဘူး။ ဒါပေမယ့်လည်း သူ့ဘဝက အိမ်တွင်း လက်မှုပညာသင်တန်းကလည်း မတတ်ဘူး။ ဘဝရဲ့လုံခြုံမှု အာမခံချက်ကလည်း မရှိဘူးဆိုတော့ ကြုံရာကျဘန်း လုပ်ကိုင်ရင်းနဲ့ သူ ထောင်ထဲရောက်ခဲ့ရတာ။ တကယ်တမ်းကျတော့ သူ့ကို မေးလိုက်တဲ့အခါကျတော့ သူက ပြောတယ်။ သူဝါသနာပါလို့ လုပ်စားတာမဟုတ်ပါဘူးတဲ့။ သူ့မိသားစုရဲ့ စားဝတ်နေရေးကြောင့် သူ ဒီလို ဖြစ်ခဲ့ရတာပါတဲ့။ အဲဒီမှာ သူ့ကို ပိုသနားသွားတယ်။ ပိုပြီးတော့လည်း သင်ပေးတယ်။ အခု အမ အပြင်လောကရောက်တော့ သူ့ကိုတွေ့တယ်။ တွေ့တဲ့အခါမှာ အမ အရမ်းဝမ်းသာတယ်။ သူက ဘာလုပ်လဲဆိုတော့ အမသင်ပေးလိုက်တဲ့ စက်ချုပ်တဲ့ပညာနဲ့ သူ့ဘဝသူ အေးအေးချမ်းချမ်းနဲ့ ရပ်တည်နေတယ်။ အရင်တုန်းက မကောင်းတဲ့အလုပ်တွေကိုလည်း သူမလုပ်တော့ဘူး။ သူနဲ့ဘဝတူတွေကိုလည်း သူက ပြောပြတယ်။ ဆင့်ပွားလည်း သင်ပေးတယ်။ အမရောက်သွားတဲ့အချိန်မှာ သူတင်မကဘူး သူနဲ့ဘဝတူ လေးငါးယောက်ပေါင်းပြီးတော့ စက်ဆိုင်လေး ဖွင့်ထားကြတယ်။ အဲဒါလေးတွေအပေါ်မှာလည်း ပီတိဖြစ်ခဲ့တယ်”

အခုဆိုရင် စွန့်ပစ်ပစ္စည်းတွေနဲ့ အိမ်အသုံးဆောင်ပစ္စည်းတွေ ပြုလုပ်နည်း သင်တန်းတွေကို အကြိမ်ရေ ၃၀ တောင် သင်တန်းတွေ ပို့ချခဲ့ပြီးပါပြီ။ စစ်ကိုင်းတိုင်း မင်းကွန်းဒေသကြီး တစ်ဝိုက်အပြင် ကချင်ပြည်နယ် မန္တလေးတိုင်း ရန်ကုန်တိုင်း စသဖြင့် နေရာစုံအောင်လည်း ကိုယ်ထူကိုယ်ထ အခမဲ့သင်တန်းတွေကို ပို့ချနိုင်ခဲ့ပြီးပါပြီ။ ဒါ့အပြင် ကော်ဖီအိတ်ခွံ သုံးသိန်းကျော်အထိ အသုံးပြုပြီး အိမ်အသုံးဆောင်ပစ္စည်းတွေကို ဖန်တီးပြနိုင်တဲ့ ပြပွဲတွေကိုလည်း သူမအနေနဲ့ အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

“အမ အသိပညာပေးပြပွဲဆိုလို့ရှိရင် နေပြည်တော်မှာ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ကုလသမဂ္ဂကို ခေါ်ပြတယ်။ နောက်တစ်ခါ အာဆီယံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာလည်း အာဆီယံ ၁၀ နိုင်ငံက ဝန်ကြီးတွေကိုလည်း ခေါ်ပြတယ်။ အဲဒီအခါမှာ ဝန်ကြီးတွေက ဘယ်လိုပြောလဲဆိုရင် အဲအချိန်မှာ အမ အိတ်အခွံပေါင်း လေးသိန်းကျော်နဲ့ ပြတာ။ ပစ္စည်းပေါင်း အမျိုးအမည်ပေါင်း ၄၈ မျိုးနဲ့ပြတယ်။ အဲဒီခန်းမကြီးတစ်ခုလုံး အမပွဲပဲ။ အဲဒီမှာ သမ္မတကြီးက အကုန်စီစဉ်ပေးတယ်။ စီစဉ်ပေးတော့ အဲဒီပွဲက အမပွဲပဲ။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှုမှာ သမ္မတကြီးကလည်း ဝင်လာတဲ့အခါမှာ အမကိုပြောတယ်။ အရမ်းကျေးဇူးတင်ပါတယ်တဲ့။ ကျွန်တော်တို့ဆိုရင် နှစ်စဉ်နှစ်တိုင်း ကုလသမဂ္ဂတို့ အာဆီယံတွေကို ပြဖို့ဆိုတာက မြန်မာနိုင်ငံကနေ စွမ်းစွမ်းတမံ ပတ်ဝန်းကျင်ရဲ့ ထိန်းသိမ်းမှုကို ပြနိုင်တာဆိုတော့ ၂၀၁၅ ဒီနှစ်မှာပဲ စပြနိုင်တာပေါ့။ အရင်နှစ်တွေမှာဆိုရင်တော့ ကျွန်တော်တို့က ကဗျာတွေ ဆောင်းပါးတွေ ပန်ချီတွေနဲ့ ဘုတ်တွေကိုပဲ ကပ်ပြရတာတဲ့။ ဒီ ပတ်ဝန်းကျင်ကို ထိန်းသိမ်းထားတယ်ဆိုတာကို လက်တွေ့လည်း မပြနိုင်ဘူးပေါ့။ အခု ဒီနှစ်မှာ အဲလိုပြနိုင်တယ်ဆိုတော့ သမ္မတကြီးက သူကိုယ်တိုင်ကလည်း မြန်မာနိုင်ငံရဲ့ ဂုဏ်ကို မြင့်တင်တဲ့အတွက် သူတို့လည်း မျက်နှာရတယ်ပေါ့နော်။

ရှေ့ဆက်ပြီးတော့ အမကလည်း ဘယ်နေရာ ဘယ်ဒေသကပဲဖိတ်ဖိတ် ဘယ်လိုအဖွဲ့အစည်းမျိုးကပဲ အထောက်အကူ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အမ အခုလို မိသားစု စားဝတ်နေရေးရော ကလေးတွေရဲ့ ပညာရေးတွေရော ရပ်တည်နေရတဲ့ အထဲကနေပြီးတော့ ဖဲ့ပြီးမှ ထပ်ပြီးတော့မှ ကြိုးကြိုးစားစားနဲ့ကို အမျိုးသမီးတွေကို သင်တန်းလိုက်ပေးပြီးတော့မှ အမျိုးသမီးတွေရဲ့ ဘဝကို ငြိမ်းချမ်းစေချင်တာပေါ့နော်။ အေးအေးဆေးဆေးနဲ့ ဘဝကို ဖြတ်သန်းစေချင်တာပါ။ အမရဲ့ဆန္ဒကတော့ အဲဒါပါပဲ”

အမှန်တကယ်တော့ ဒေါ်ယဉ်ယဉ်ထွန်းဆိုတဲ့ အမျိုးသမီးကြီးက ကမ္ဘာမြေကြီးကို အလှဆင်နေသူတစ်ယောက်ပါ။ မြန်မာနိုင်ငံရဲ့ အထင်ကရ မင်းကွန်းဒေသကထွက်တဲ့ အဖိုးတန် အမျိုးသမီးကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ထင်သာမြင်သာရှိအောင် ပြောရရင်တော့ စွန့်ပစ်ပစ္စည်းများကြားက သို့မဟုတ် အမှိုက်တွေကြားက မြန်မာ့အလှလု့ိသာ ရပါလိမ့်မယ်။။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly