မဇ္စျိမရဲ့ Dialouge အစီစဉ်အရ ရက် ၁၀၀ စီမံချက်အပေါ် သုံးသပ်ခြင်း (ပညာရေး ပြုပြင်ပြောင်းလဲမှု) - အပိုင်း( ၂ )

မဇ္စျိမရဲ့ Dialouge အစီစဉ်အရ ရက် ၁၀၀ စီမံချက်အပေါ် သုံးသပ်ခြင်း (ပညာရေး ပြုပြင်ပြောင်းလဲမှု) - အပိုင်း( ၂ )

ကျွန်တော် ထပ်ပြီးတော့မှ ဆရာ ဦးအာကာမိုးသူကို မေးချင်ပါတယ်။ ဒီ မူဝါဒအလွဲအမှားတွေကို ဆရာမ ဒေါ်သူသူမာကလည်း ထောက်ပြခဲ့တယ်။ မဖြိုးဖြိုးအောင်ကလည်း ပြောခဲ့ပါတယ်။ နောက်ပြီးတော့ လွတ်လပ်ခွင့်မရှိဘူးဆိုတဲ့ ဟာမျိုးတွေ ပြောင်းလဲမှု ရက် ၁၀၀ အတွင်းမှာ မရှိဘူးဆိုတာ ပြောသွားတယ်။ ကျွန်တော်ထင်တယ် အခု ပြုပြင်ပြောင်းလဲတဲ့နေရာမှာ အခြေခံနဲ့ အဆင့်မြင့် ဘယ်ဟာကို ပညာရေးဝန်ကြီးဌာနက အလေးပေးပြီးတော့ ပြုပြင်ပြောင်းလဲနေသလဲ ဘယ်ဟာက ပိုပြီးတော့ အရေးကြီးတယ်လို့ ဆရာမြင်သလဲ။

ဦးအာကာမိုးသူ (အထွေထွေ အတွင်းရေးမှူး)

မြန်မာနိုင်ငံ ဆရာများသမဂ္ဂ အဖွဲ့ချုပ်

“ဦးစားပေးတဲ့ အခန်းကဏ္ဍတစ်ခုကို သွားကြည့်တဲ့အခါမှာ အခြေခံကိုတော့ နဲနဲ စောင်းပေးလာတယ်လို့ မြင်ရတယ်။ ဘာအချက်ကြောင့် ပြောလို့ရလဲဆိုရင် ဆရာ၊ ဆရာမတွေ အတတ်ပညာ သင်ကြားရေးလို့ခေါ်တဲ့ kg တန်းတွေကို ပေးဖို့ စိတ်ကူးရလာတယ်။ အဲဒီအခါမှာ အဲဒီ အတွေးလေးတွေကနေပြီးတော့ နောက်ပြီးတော့ လစာတိုးပေးမယ့်ဟာတွေကလည်း ဒီအခြေခံတွေကို လစာတိုးပေးသင့်တယ်။ စကေးတွေကို ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ အတွေးမျိုးတွေ စွဲနေပြီဆိုတဲ့ဟာမျိုး ထုတ်ပြောလာတာကို ကြည့်ခြင်းအားဖြင့် အခြေခံကိုတော့ စောင်းပေးလာတယ်ဆိုတာကို ဒီဘက်ခြမ်းအမြင်နဲ့ လှမ်းကြည့်လို့ရတယ်ပေါ့။

ဟို အဆင့်မြင့်ကို ဘာကြောင့် အားမပေးဘူးလဲဆိုရင် ကျွန်တော် ထူးထူးခြားခြား သွားတွေ့လိုက်တာကတော့ MOU ထိုးလိုက်တဲ့ဟာတွေ ရပ်သွားတယ်။ ရပ်သွားတဲ့ဟာက အစိုးရတစ်ရပ်ရဲ့ လွှမ်းမိုးမှုကြောင့်လား ဒါမှမဟုတ် မလုပ်ရဲတာလား။ တက္ကသိုလ်အလိုက် သီးခြားလွတ်လပ်ခွင့်ကို ကိုယ်က ချုပ်ကိုင်လိုက်တာလားဆိုတဲ့ မေးခွန်းတွေ ကျွန်တော်တို့ခေါင်းထဲကို ဝင်လာတယ်။ ဝင်လာတဲ့အခါမှာ တစ်ခုခုသွားဖို့ လာဖို့ တစ်ခုခုနဲ့ ချိတ်ဆက်ဖို့ ပြဿနာတွေ အားနည်းတယ်။ အလုပ်သမား အလုပ်အကိုင်နဲ့ ပတ်သက်ပြီးတော့မှ ကျောင်းတွင်းပညာရေးစနစ်သည် လူမှုဖူလုံရေးဌာနနဲ့ သူတို့ အလုပ်ကိုင်ရှာဖွေရေးနဲ့ အလုပ်အကိုင်ဌာနနဲ့ တစ်ခု ဆွဲနေတယ်ပေါ့။ ဒါပေမယ့် ဆွဲနေတဲ့ အဲဒီဆရာ/ဆရာမတွေကို ကြည့်တဲ့အခါမှာ အလုပ်သမားတွေရဲ့ဘဝကို ဘယ်လောက် နားလည်တယ်ပေါ့။ ကျွန်တော်တို့က အလုပ်သမားမှတ်ပုံတင် တင်ထားတယ်။ အလုပ်သမားဘဝတွေကိုလည်း ဆင်းကြည့်ထားတယ်။ အလုပ်သမားတွေရဲ့ လိုအပ်တဲ့ လိုလားတဲ့ စကေး Full Labour ဘယ်လိုလုပ်လို့ရ မယ်ဆိုတဲ့ အရာတွေ ကျွန်တော်တို့မှာ ရှိတယ်။ ရှိတဲ့အခါမှာ နောက်ပြီးတော့ အဲဒီအလုပ်သမားတွေ ပြဿနာတွေ ဖြေရှင်းတဲ့အခါမှာ အဝေးကနေ လာဖြေတဲ့အခါမှာ ဘယ်လိုဖြေလျော့ပေးရမယ်ဆိုတာတွေကို ကျွန်တော်တို့တွေ နားလည်တယ်။ နားလည်တော့ သူတို့က ဘယ်လိုဆွဲကြတယ်၊ ဘယ်လိုအိုင်ဒီယာနဲ့ ဆွဲကြတယ်၊ ဘယ်လို အတွေးအခေါ်မျိုးနဲ့ ဆွဲကြလဲတော့ ကျွန်တော်တို့ မသိဘူး။

အဲဒါတွေကို ဖြေရှင်းတဲ့အခါမှာ ကျွန်တော်သွားတွေ့တာက I ယဉ်ကျေးမှုပေါ့။ အိုင်ဆိုတာက ငါတို့ပဲလုပ်တတ်တယ်၊ ငါတို့ပဲပေါ့။ ဝိုင်းလုပ်မယ့် အိုင်ယဉ်ကျေးမှုတစ်ခုကို ဦးတည်မယ့် ရည်မှန်ချက်တွေ   ပျောက်နေတယ်။ အဲဒီပြသနာက အခုချိန်ထိ ပြောလိုက်လို့ရှိရင် လူကြီးတွေကြီးပဲ ပြောမယ်ဆိုရင်ပေါ့။ အသက် ၆၀ တို့ ၇၀ တို့ အဲဒါတွေနဲ့ခေါ်ပြီးတော့မှ သွားနေတယ်ပေါ့နော်။ တစ်ခုခုက ဆန့်ကျင်ဘက် အမြင်မျိုးကို မြင်လာပြီဆိုလို့ရှိရင် လက်ခံဆွေးနွေးဖို့ အမြင်တွေ အားနည်းနေသေးတဲ့အခါမှာ ဒီမိုကရေစီစနစ်ကိုသွားဖို့ အဟန့်အတားဖြစ်စေတယ်လို့ ကျွန်တော်တော့မြင်တယ်။ ကြည့်လိုက်တဲ့အခါမှာ ပြောမယ်ဆိုလို့ရှိရင် အိုကြီးအိုမတွေကြီးပဲ။ ဒါက အိုကြီးအိုမတွေကို ကျွန်တော်တို့က ပြစ်ပယ်တာမဟုတ်ဘူး။ ပစ်ပယ်တဲ့အခါမှာဆိုရင် လူငယ်တွေရဲ့ အိုင်ဒီယာတွေကို ကျွန်တော် တို့က စဉ်းစားရမှာ။ တစ်ခုခု လူငယ်တွေကို ပစ်ပယ်တဲ့အခါမှာ ဘာနဲ့ပစ်ပယ်လဲဆိုရင် လက်တွေ့မကျဘူးဆိုတဲ့ စကားလုံးနဲ့ ပစ်ပယ်တယ်။ တကယ်လက်တွေ့မကျဘူးဆိုတဲ့ စကားလုံးကိုယ်၌က လူညံ့တွေက သုံးတဲ့ စကားလုံးလို့ ကျွန်တော် ဒီနေရာကနေပြောတယ်။ ဘာကြောင့်ပြောလဲဆိုရင် ကျွန်တော်တို့ အခုသုံးနေတဲ့ စမတ်ဖုန်းတို့ ကွန်ပျူတာတို့ ကျွန်တော်တို့ဘဝတွေထဲမှာ ယူတိုပီးယားလို့   ပြောတဲ့အရာတွေက လက်တွေ့ကျတာတွေကြီးပဲ အကုန်လုံးက။ အဲဒီ လက်တွေ့မကျဘူးလို့ ငြင်းပယ်ခဲ့တဲ့သူတွေက ကျဆုံးသွားတာကြီးပဲ အကုန်လုံးပြောမယ်ဆိုရင်။

ကျွန်တော်တို့က ပြောမယ်ဆိုလို့ရှိရင် လူမှုအဖွဲ့အစည်းတစ်ခု ထူထောင်မယ်ဆိုလို့ရှိရင် အိမ့်မက်တွေကို အကောင်အထည်ဖော်တာ။ အဲဒါကြောင့် ကျွန်တော်တို့က လူငယ်တွေရဲ့ အတွေးတွေ စိတ်ကူးတွေကို ကျွန်တော်တို့က ဘာလုပ်ပေးရမလဲဆိုရင် မြေတောင်မြောက်ပေးရမယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဖေ့ဘုတ်သုံးတဲ့ဟာတွေ ပြောမယ် တီထွင်ခဲ့တာတွေက တကယ့် ကလေးတွေကြီးပါပဲ   ပြောမယ်ဆိုရင်။ သန်းပေါင်းများစွာ ချမ်းသာနေတယ်ဆိုတာကလည်း ကလေးတွေကြီးပါပဲ။ ဒါကို ယဉ်ကျေးတဲ့ အစိုးရတစ်ဖွဲ့က လက်ခံထားလို့ သူ့နိုင်ငံက Develop ဖြစ်တာ။ ကျွန်တော်တို့ ယဉ်ကျေးမှုက ဘာလဲဆိုရင် ပစ်ပယ်တယ်။ လက်တွေ့မကျဘူးဆိုတဲ့ စကားလုံးနဲ့ ငြင်းပယ်ရင်း ငြင်းပယ်ရင်းနဲ့ ကျွန်တော်တို့က နိုင်ငံတကာရဲ့နောက်ဆုံးကို အော်တိုပြေးကပ်သွားတဲ့ ကာလကို   ရောက်သွားတယ်။   ဖြေရှင်းတဲ့အခါမှာ အဲဒီကာလကို ဖြေရှင်းဖို့လိုတယ်လို့ ကျွန်တော်ကတော့ တွေးဆပါတယ်။

မဇ္ဈိမ

အဲတော့ မဖြိုးဖြိုးအောင်ကို ကျွန်တော် မေးပါရစေ။ ဆရာဦးအာကာမိုးသူက လူငယ်နဲ့ပတ်သက်ပြီးတော့ လူငယ်တွေ ဖယ်ထားခြင်း ခံထားရတယ်ဆိုပြီးတော့ ထောက်ပြပြောဆိုသွားတာ ရှိတယ်။ အဲတော့ မဖြိုးဖြိုးအောင်တို့အနေနဲ့ရော ပညာရေးစနစ်မှာပဲဖြစ်ဖြစ် နိုင်ငံရေး ထူထောင်တဲ့နေရာမှာပဲဖြစ်ဖြစ် လူငယ်တွေနဲ့ ဘယ်လောက်ထိ ပူးပေါင်းပါဝင်နိုင်မလဲ။ အဓိကကတော့ Focus လုပ်ရရင်တော့ ပညာရေးမှာပေါ့။ ဘယ်လောက်ထိ အကူအညီပေးနိုင်မယ်။ ဘယ်လောက်ထိ တက်တက်ကြွကြွ ပါဝင်ပူးပေါင်းနိုင်မလဲ အဲဒါလေး နည်းနည်း ဖြေပေးပါဦး

မဖြိုးဖြိုးအောင်

ဒီမိုကရေစီအရေးနှင့် ကျောင်းသားအရေး လှုပ်ရှားသူ

ကျွန်မတို့အမြင်ကတော့ လူငယ်တွေက အမြဲဆာလောင်နေတယ်။ သူတို့က ရှာဖွေတယ်၊ စူးစမ်းတယ်၊ လေ့လာတယ်။ နောက်တစ်ခုက တစ်ခုခုကို စမ်းသပ်ချင်တယ်။ နောက် သူတို့မှာက တက်ကြွတဲ့ စိတ်ဓာတ်တွေ ရှိတယ်။ ဒါတွေက တကယ့်ကို အင်အားပါပဲ။ ဘယ်အလုပ်ကိုမဆို ဒါတွေက လောင်စာတွေဖြစ်နေတယ်။ ကျွန်မတို့လူငယ်တွေက အရှေ့တိုင်းနိုင်ငံတွေရဲ့ ယဉ်ကျေးမှု တစ်ခုလို   ဖြစ်တာပေါ့နော်။ အရှေ့တိုင်းနိုင်ငံ တော်တော်များများမှာ လူငယ်ဆိုလို့ရှိရင် ဖယ်ထားခံရတာမျိုး လူငယ်နဲ့ကလေးတွေ ရောထွေးနေတာမျိုး ပြီးတော့ ဒီလိုပြဿနာမျိုးတွေက အရှေ့တိုင်းနိုင်ငံ   တော်တော် များများမှာ ကြုံတွေ့နေရတဲ့ ယဉ်ကျေးမှုကြီးတစ်ခု ဖြစ်နေတာပေါ့နော်။ အဲလိုအနေအထားမျိုးမှာ ကျွန်မတို့နိုင်ငံမှာလည်း အလားတူပါပဲ။ လူငယ်ဆိုတာက ဘယ်အခန်း ကဏ္ဍမှာမဆို ဖယ်ထားတယ်။ အသက် ကန့်သက်ချက်တွေရှိမယ် ဒီလူငယ်တွေကို ဒီအသက်အရွယ် မရောက်လို့ရှိရင် ဒီလူငယ်တွေရဲ့ ဝင်ရောက်ဆွေးနွေးပိုင်ခွင့်တို့ သူတို့ရဲ့ အရေးပါ အရာရောက်တဲ့ဟာမျိုးတွေကို တားဆီးခံထား ရတာတွေ ပိတ်ပင်ခံထားရတာမျိုးတွေက ဘက်ပေါင်းစုံမှာလည်း ရှိနေပါတယ်။

နောက်ပြီးတော့ လူငယ်တွေရဲ့အသံတွေကို နားမထောင်တာမျိုးတွေလည်း ဒါက တောက်လျှောက် ရှိနေပါတယ်။ နိုင်ငံရေးပါတီတွေမှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာမဆို တော်တော်များများမှာ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍပေါင်းစုံမှာ တကယ်ကို ထိထိရောက်ရောက်ပိုင်ခွင့်တွေ ပိတ်ပင်ခံထားရတာမျိုးတွေ ရှိပါတယ်။ ဒါက တကယ့်ကို တိုင်းပြည်အတွက် နစ်နာတဲ့ဟာမျိုးတွေပေါ့။ ကျွန်မတို့လူငယ်တွေကတော့ ကျွန်မမြင်တာက အမြဲတမ်း အဆင်သင့်ဖြစ်တဲ့သူတွေချည်းပါပဲ။ ဘယ်သူကမှ ကျွန်မတို့လူငယ်တွေကို ပိတ်ပင်တားဆီးတယ်ဖြစ်ပါစေ၊ အမြဲတမ်း အဆင်သင့်   ဖြစ်နေကြတယ်။ ပညာရေးကဏ္ဍမှာပဲပြောပြော၊ ငြိမ်းချမ်းရေး၊ လူမှုရေး၊ ဘယ်လိုကဏ္ဍမျိုးမှာမဆို လူငယ်တွေက သူတို့ကို ဖယ်ထားလည်း တတ်နိုင်တဲ့ဘက်က တတ်နိုင်တဲ့နည်းနဲ့ တိုင်းပြည်နဲ့ ပတ်သက်တဲ့အရေးကိစ္စတွေမှာ ကျွန်မတို့ လက်မနှေးဘူး။ ကျွန်မတို့ ဘယ်တော့မှ မျက်စိပိတ် နားပိတ် မနေဘူး။ အမြဲတမ်း ပါဝင်ကူညီနိုင်ဖို့ အဆင်သင့်ဖြစ်တယ်။ ကူညီနိုင်ဖို့ အဆင်သင့်ဖြစ်နေ ကြတယ်။ လေ့လာတယ်။ တတ်နိုင်တဲ့ဘက်ကလည်း လေ့လာဖို့ ကြိုးစားထားကြတယ်။ ကျွန်မတို့လမ်းတွေကို ပိတ်ထားပေမယ့်လည်း ကျွန်မတို့က တွန်းမဖွင့်ပေမယ့်လည်း ထားခဲ့လို့မရအောင် ကျွန်မတို့လူငယ်တွေ အဆင်သင့်ဖြစ်နေကြပါတယ်။

မဇ္ဈိမ

ဟုတ်ကဲ့ပါ။ ဆရာမ ဒေါ်သူသူမာကို ကျွန်တော် မေးပါရစေ။ ဆရာဦးအာကာမိုးသူကတော့ ပြောသွားတာရှိတယ်။ လစာတိုးပေးတာတို့ အခြေခံပညာရေး ဝန်ထမ်းတွေကိုပေါ့နော်။ အဲဒီမှာ ဆရာမကလည်း ခုနက ပြောသွားတဲ့အထဲမှာ မူဝါဒရေးရာနဲ့ ပတ်သက်ပြီးတော့ ထောက်ပြ ပြောဆိုသွားတဲ့အခါကျတော့ ကျွန်တော်တို့ လစာတိုးပေးတာက ပညာရေးစနစ် ကောင်းလာဖို့ အဖြေလို့ ပြောလို့ရနိုင်မလား။

ဒေါ်သူသူမာ (အဖွဲ့ဝင်)

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)

ဟုတ်ကဲ့။ လစာတိုးပေးတာကတော့ ဖြစ်သင့်တဲ့အရာပေါ့နော်။ ဒါပေမယ့် ပညာရေးကောင်းမွန်ဖို့အတွက် ဒါက ထိရောက်တဲ့အဖြေလားဆိုတော့လည်း မဟုတ်ပါဘူးလို့ ကျွန်မ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ မူဝါဒရေးရာ ရှုတ်ထွေးမှုတွေ ရှိနေတယ်။ ကျွန်မတို့ ဒီနေ့ မျှော်လင့်နေတာက ကျွန်မတို့ အိမ်မက်မက်နေတာက ပညာရေးစနစ်သစ်။ ဘာဖြစ်လု့ိ စနစ်သစ်ကို   ပြောလဲဆို ဆိုတော့ စနစ်ဟောင်းမှာ ကျွန်မတို့ ပြဿနာတွေ အများကြီးရှိခဲ့တယ်။ ပညာရေးဆိုင်ရာ ရလဒ်ကို ကြည့်ခြင်းအားဖြင့် ကျွန်မတို့ ဒီပညာရေးက ပြင်ကို ပြင်ရတော့မယ်ဆိုတာ ကျွန်မတို့သိတယ်။ ကျွန်မတို့က ဒါကြောင့် ပညာရေးစနစ်သစ်ကို တောင်းတနေတဲ့အချိန်မှာ ကျွန်မတို့ ဘာကိုလိုချင်လဲဆိုတော့ ဥပမာ ဆိုလိုချင်တာက ပညာရေးစနစ်သစ်လို့ ပြောလိုက်တဲ့အခါမှာ အဓိကတော့ ဆရာတွေက အရေးကြီး တယ် ပေါ့နော်။ ဆရာတွေရဲ့ကဏ္ဍကိုကျွန်မတို့ကပြောတော့ ဆရာတွေကို လစာတိုးပေးရုံနဲ့ အဖြေက မဟုတ်ဘူးဆိုတာကို ပြောချင်တာ။ ဘာကိုပြင်ပေးရမလဲဆိုတော့ ကျွန်မတို့က ဒီပညာရေး စနစ်ရဲ့ အဓိက ပြဿနာတွေဖြစ်တဲ့ ကျွန်မတို့ ဥပမာ ပညာရေးအရည်အသွေးမှာဆိုရင် ပညာရေးအရည်အသွေးကို ကျဆင်းစေတဲ့ အခြေခံအကြောင်းအရင်းတွေ ရှိပါတယ်။ ဘာတွေပါလဲဆိုတော့ စာမေးပွဲ စနစ်တွေ ပြင်ဆင်ရမယ်။ ကျွန်မတို့ သင်ရိုးညွှန်းတန်းတွေပြင်ရမယ်။ သင်ကြားရေးတွေ ပြင်ရပါမယ်။ နောက်ပြီးတော့ ပညာရေးအရည်အသွေးကို အဟန့်အတားဖြစ်စေတဲ့ အရာမှန်သမျှကို ကျွန်မတို့   ပြုပြင်ပေးဖို့ လိုပါတယ်။ ပြုပြင်ပြီး တစ်ပြိုင်နက်တည်းမှာပဲ ဆရာတွေရဲ့ လူမှုရေး အထောက်အပံ့တွေ သူတို့တွေရဲ့ အရည်အသွေးပိုင်းဆိုင်ရာ အထောက်အပံ့တွေကိုပါ တစ်ပြိုင်နက်တည်း ထည့်သွင်း စဉ်းစားတာကတော့ မှန်ကန်တဲ့အဖြေလို့ ထင်တယ်။

ဆရာတွေကို လစာတိုးပေးလိုက်တာ ဆိုပေမယ့် လက်တွေ့မှာ လစာတိုးပေးတယ်။ ကျူရှင်မသင်ရဘူး ဆိုတာတွေ ကျွန်မတို့ အပြင်မှာ ကြားရတယ်။ ဒါပေမယ့် လက်တွေ့မှာ ဟုတ်လားဆိုတော့လည်း မဟုတ်ပါဘူး။ ကျူရှင်တွေကတော့ သင်နေရတယ် ဘာဖြစ်လို့လဲဆိုတော့ ခုနကပြောတဲ့ စနစ်ကို မပြင်လို့ပါပဲ။ ခုနက အလွတ်ကျက်တဲ့စနစ် ဘယ်လောက်မှတ်မိတယ် ဆိုတာကိုပဲ ပြန်ဖြေရတဲ့ စာမေးပွဲတွေ ရှိနေသမျှ ကာလပတ်လုံး သင်ရိုးညွှန်းတန်း ပြဿနာတွေပေါ့ အဲဒီဟာတွေရှိနေသမျှ ကာလပတ်လုံး ကျူရှင်ပြဿနာကလည်း ရှိနေမှာပဲ။ အဲဒီအတွက် မသင်နဲ့လို့ပြောလည်း သင်မှာပဲ။ ကျွန်မတို့က ခုနကဖြစ်နေ တဲ့ အဓိကကျတဲ့ ပြဿနာတွေကို တစ်ပြိုင်နက်တည်း ဖြေရှင်းပေးခြင်းအားဖြင့် ဒီပြဿနာကို အများကြီး ရှင်းနိုင်တယ်လို့ ထင်ပါတယ်။ ခုနက လစာတိုးပေးခြင်းအားဖြင့်တော့ ပညာရေးစနစ်   ကောင်းလာမယ် ဆိုတာကတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly