ခွဲထွက်(DKBA)အား KNU နှင့် ပြန်လည် ပူးပေါင်းရန် ကမ်းလှမ်း

ခွဲထွက်(DKBA)အား KNU နှင့် ပြန်လည် ပူးပေါင်းရန် ကမ်းလှမ်း

ချင်းမိုင်၊ အောက်တိုဘာလ ၅ ။            ။ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပေါ်နေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)ကို ယခင် သဘောထား ရပ်တည်ချက်များ ရုပ်သိမ်း၍ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ပြန်လည်ပူးပေါင်းရန် ကရင်အမျိုးသားအစည်းအရုံး ကမ်းလှမ်းလိုက်သည်။

ခွဲထွက် DKBAက ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သော ကြေငြာချက်အမှတ် ၁၊၂၀၁၆ အား ရုတ်သိမ်း ပြီး ကေအန်ယူ - ကရင်အမျိုးသားအစည်းအရုံးနှင့် ပြန်လည် ပူးပေါင်းရန် ကေအန်ယူမှ လက်ခံကြိုဆိုပါကြောင်း အောက်တိုဘာလ ၄ ရက်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

DKBA  နှင့် ပေါင်းစည်းနိုင်ရေးအတွက် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး KNU ၏ နိုင်ငံရေး ဦးဆောင်မှုအောက်တွင် တစ်စုတစည်းတည်း ဆောင်ရွက်သွားရန် ကမ်းလှမ်းခြင်း ဖြစ်သည်ဟု KNU မှ အထွေထွေ အတွင်းရေး မှူး(၁)  ပဒိုစော သောသီဘွဲ့က ပြောသည်။

“ ၁/၉၄၊ ၂/၉၄ မှာ ထုတ်ပြန်ထားတဲ့ ကြေငြာချက်တွေဟာ ကေအန်ယူကို တော်လှန်တဲ့၊ ကေအန်ယူကို ချေမှုန်းတဲ့ သ ဘောထား ရှိနေတယ်။ အထူးသဖြင့် ဟိုတုန်းက နိုင်ငံတော်လုံခြုံရေးကို ပူးပေါင်းကာကွယ်ရမယ်ဆိုတဲ့ အရာတွေ၊ နိုင် ငံတော် လုံခြုံရေးမှာ ပါဝင်ဖို့အတွက် ထုတ်ပြန်ချက်မှာပါတယ်။ ကေအန်ယူကို ဆန့်ကျင်တဲ့ ထုတ်ပြန်ချက် အပေါ် သူတို့ ဆက်လက် ရပ်တည်နေ မယ်ဆိုရင် ကျနော်တို့နဲ့က ပဋိပက္ခ တစ်စုံတစ်ရာ ရှိနိင်တာပေါ့။ တစ်ယောက်နဲ့တစ်ယောက် သံ သယ ပွားနိုင်တာပေါ့။ ဒါကြောင့် အဲဒီ ကြေငြာချက်ကို ရုတ်သိမ်းပေးပါ။ အသေး စိတ်ရုပ်သိမ်းပေးနိုင်ပါက ကျနော်တို့နဲ့ ပြန် လည်ပူးပေါင်းဖို့ အချိန်မရွေး လက်ကမ်း ကြိုဆိုတယ်”ဟု ပဒိုစောသောသီဘွဲ့က မဇ္ဈိမကို ပြောသည်။

KNU နယ်မြေဒေသအတွင်း တပ်မတော်နှင့် ၎င်းတို့ တိုက်ပွဲ ဖြစ်ပွားနေသဖြင့် နယ်မြေ ထိခိုက်မှုရှိသလို၊ တိုက်ပွဲကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် DKBA အဖွဲ့အား အခွင့်အလှမ်း တစ်ခုနေဖြင့် လမ်းဖွင့်ပေးခြင်း ဖြစ် သည်ဟု ၎င်းကဆိုသည်။

KNU မှ ခွဲထွက်ခဲ့သော ကရင့်လက်နက်ကိုင် အဖွဲ့အစည်းများသည် ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံ ရေး ဦးဆောင်မှုအောက်တွင် တစုတည်းတည်း ပါဝင်နိုင်ရန် အထူးလိုအပ်ပြီး ခွဲထွက် အဖွဲ့အစည်းများအား စု စည်းနိုင်ရန် “ကရင်လက်နက်ကိုင်စည်းလုံး ညီညွတ်ရေးကော်မတီ” ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်က ဖွဲ့စည်း ခဲ့မှုကို အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟုလည်း ပြောသည်။

၁၉၉၄ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ခွဲထွက်ခဲ့သော တိုးတက်သော ဗုဒ္ဒဘာသာကရင် အမျိုး သား တပ်မတော် (DKBA)၏ ခံယူချက်ဖြစ်သော ကြေငြာချက်အမှတ် ၁/၉၄နှင့် ၂/၉၄ အတိုင်း ဆက်လက်ဆောင်ရွက်ရန် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

တိုးတက်သော ဗုဒ္ဒဘာသာကရင် အမျိုးသားတပ်မတော်(DKBA)သည် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်း(NCA) လက်မှတ်ရေးထိုးထားသော ဗိုလ်ချုပ် မိုရှေး ဦးဆောင်သော ဒီမိုကရေစီအကျိုးပြု ကရင် တပ်မ တော်(DKBA)မှ ထုတ်ပယ်ခံထားရသော အဖွဲ့ဖြစ်သည်။

ဗိုလ်ချုပ် စောကျော်သက် ဦးဆောင်သော DKBA အဖွဲ့သည် လက်ရှိ KNU ၏ တပ်မဟာ ၇ ဌာနချုပ်နယ်မြေ ဘာအံခရိုင် သံလွင်မြစ်အရှေ့ဘက်ခြမ်းအတွင်း လှုပ်ရှားနေပြီး မယ်သဝေါဒေသတွင် ပြီးခဲ့သည့် စက်တင်ဘာလက တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဖားအံခရိုင် ဖာပွန်ခရိုင်နှင့် ထိစပ်နယ်မြေဖြစ်သည့် မယ်သဝေါဒေသတွင် တပ်မတော်နှင့် နယ်ခြားစောင့်တပ်မှ ထိုးစစ် ဆင် တိုက်ခိုက်မှုကြောင့် ပြည်သူလူထု ထွက်ပြေးတိမ်းရှောင်နေမှုအပေါ် စစ်ရှိန်လျော့ချ၍ တိုက်ပွဲများ ရပ်တန့်ပေးရန် စက်တင်ဘာလ ၁၃ ရက်က KNU က ကြေငြာချက်တစောင် ထုတ်ပြန်၍ တောင်းဆိုခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags