ပညာရေး ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်များကို ၀ိုင်းဝန်းဆွေးနွေး

ပညာရေး ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်များကို ၀ိုင်းဝန်းဆွေးနွေး
ဓါတ်ပုံ- ပန်ဆန်းဂျာ

ရန်ကုန်၊ အောက်တိုဘာ ၅ ။                ။ ၂၁ ရာစု ပင်လုံအလွန် ပညာရေးအတွက် ပြုပြင်ပြောင်းလဲရန် လိုအပ်နေသောအကြောင်းများ ဆွေးနွေးပွဲကို အောက်တိုဘာ ၄ ရက်နေ့ နေ့လယ် တစ်နာရီ ကနေ သုံးနာရီအထိ Orchid Hotel တွင် ကျင်းပခဲ့သည်။

အဆိုပါပွဲကို Education Digest  ဂျာနယ်က ဦးဆောင် ကျင်းပခြင်းဖြစ်ပြီး ဒုတိယညွှန်ကြားရေးမှူးဟောင်း မောင်ဒီပ (ပညာရေး)၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) အဖွဲ့ဝင် ဒေါက်တာသိန်းလွင်၊ သပြေ ပညာရေး ဖောင်ဒေရှင်း အမှုဆောင် ဒါရိုက်တာ ဦးစောမျိုးမင်းသူ နှင့် Institute for strategy and policy - Myanmar ၏ လေ့ကျင့် သင်တန်းပေးရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

အခြေခံပညာတွင် အကျင့်စာရိတ္တ ကောင်းမွန်သော ပြည်သူပြည်သားများ ဖြစ်ရေးကို ဦးတည်သင်ကြားပေးရန် လိုပြီး စာမေးပွဲ အောင်ရန်နှင့် အမှတ်ကောင်းကောင်း ရရှိရေးထက် အသိဉာဏ်ဖွံ့ဖြိုး   စေသော  ပညာရေးစနစ်မျိုးကို လိုအပ်ကြောင်း ဆရာမောင်ဒီပက ဆွေးနွေးသွားသည်။

အသိပညာရှိရန် ဗဟုသုတရှာရန် လိုအပ်ပြီး လာမည့် ပညာရေးတွင် ကျောင်းသားတိုင်း မဖြစ်မနေ အနည်းဆုံး တစ်ပတ် တစ်ကြိမ် စာကြည့်တိုက်မှ စာအုပ်ဖတ်သောစနစ်မျိုး ရှိစေချင်ကြောင်းလည်း ၎င်းက ဆိုသည်။

နိုင်ငံရေး အပြောင်းအလဲတွင် ပညာရေးစနစ်ကိုပါ ပြောင်းလဲစေလိုကြောင်း၊ တိုင်းရင်းသား ဒေသများရှိ ကိုယ်ပိုင် ပညာ ရေးစနစ်ဖြင့် သင်ကြားနေသည့် ဒေသခံများမှ ထူထောင်ထားသော ကျောင်းများကို အသိအမှတ်ပြုရန်နှင့် federal ပညာရေးစနစ် ထူထောင်လိုက်ပါက ထိုဒေသရှိ ကလေးများသည် မိမိတို့ နားလည်သော ဘာသာစကား ၊ ဆရာများနှင့် ပညာသင်ယူနိုင်ပြီး ငြိမ်းချမ်းသော ပညာသင်သည့် ပတ်ဝန်းကျင် ရရှိနိုင်မည်ဖြစ်ပြီး သင်ရိုးညွှန်းတမ်းရေးဆွဲရာ တွင် လည်း ဒေသခံ အတတ်ပညာရှင်များ ကိုယ်တိုင်ပါဝင်သော ၊ ၎င်းတို့ဒေသနှင့် ကိုက်ညီသည့် လွတ်လပ်သော သင်ရိုးညွှန်းတမ်းဖြစ်စေ လိုကြောင်း ဒေါက်တာသိန်းလွင်က ဆွေးနွေးခဲ့သည်။

သင်ရိုးညွှန်းတမ်းများသည် မတူညီသော ပတ်ဝန်းကျင်၊ ဘာသာစကား ၊လူမျိုးအချင်းချင်းတို့ကြား အပြန်အလှန် လေး စား မှုရှိစေရန် ထောက်ပံ့ပေးသော သင်ရိုးညွှန်းတမ်းများဖြစ်ရန်လိုကြောင်း ကို ဦးစောမျိုးမင်းသူက ဆွေးနွေးသွားသည်။

အဆိုပါ ပွဲကို ဦးဆောင်ကျင်းပသည့် Education Digest Journal သည် စတင်ထုတ်ဝေသည့် သက်တမ်းမှာ (၅) နှစ် ထဲသို့ရောက်ရှိလာပြီး ပညာရေးနှင့် ပတ်သက်သော သတင်းများ၊ ကဗျာများ ၊အကြောင်းအရာများနှင့် ပညာရေးဆိုင်ရာ အတွေ့အကြုံ ဆောင်းပါးများကို ရေးသား ဖော်ပြလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly