သံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်းအတွက် ထိုင်း၊ တရုတ်နှင့် မြန်မာတို့ ပူးတွဲလက်မှတ်ရေးထိုးမည်

သံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်းအတွက် ထိုင်း၊ တရုတ်နှင့် မြန်မာတို့ ပူးတွဲလက်မှတ်ရေးထိုးမည်

သံလွင်မြစ်အထက်ပိုင်းပိုင် ၇၀၀၀ မဂ္ဂါဝပ်ထွက်ရှိမည့် မိုင်းတုံရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ရန် ထိုင်း၊ တရုတ်နှင့်မြန်မာတို့ ယခုနှစ်အတွင်း လက်မှတ်ရေးထိုးသွားဖွယ်ရှိကြောင်း သိရသည်။ မြန်မာအစိုးရက တာဆန်းရေအား လျှပ်စစ်စီမံကိန်းကို ဖျက်သိမ်းခဲ့သည်။

ထိုင်းနိုင်ငံတကာ လျှပ်စစ်ထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့ (EGATi) အနေဖြင့် မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်းတွင် ၄၀ ရာခိုင်နှုန်း၊ တရုတ် Three Gorges Corp က ၄၀ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံက ၂၀ ရာခိုင်နှုန်း ပါဝင်သွားမည်ဟု သုံးနိုင်ငံ အစိုးရများ၏ ကိုယ်စား ထိုင်းစွမ်းအင်ဝန်ကြီး နာရွန်ချိုင်အာကာဆန်နီက ဇူလိုင် ၁၄ ရက်က ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်းသည် ငါးနှစ်ကြာမြင့်မည်ဖြစ်ပြီး ပထမအဆင့်တွင် ၇၀၀ မဂ္ဂါဝပ် ထုတ်လုပ်ပြီး မြန်မာနိုင်ငံသို့ ကနဦး ပို့လွှတ်သွား မည်ဖြစ်သည်။ ကျန်ရှိနေသည့် မဂ္ဂါဝပ် ၆၃၀၀ ကို ထိုင်းနိုင်ငံသို့ ပြန်လည်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

သဘောတူစာချုပ် ပထမပိုင်းကို ဇွန် ၁၅ ရက်က ထိုင်းဒုဝန်ကြီးချုပ်နှင့် အကြီးတန်းအရာရှိများ မြန်မာနိုင်ငံသို့ သွားရောက် လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါနေ့က နှစ်နိုင်ငံ ရေးထိုးခဲ့သည့် သဘောတူ စာချုပ်များတွင် နိုင်ငံတွင်းနှင့် နယ်စပ်ဖြတ်ကျော် ဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်ရေး၊ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး၊ သဘာဝဓာတ်ငွေ့ရည်ဝယ်ယူတင်သွင်းရေးနှင့် ရေနံချက်စက်ရုံများ တည်ဆောက်ရေးတို့ ပါဝင်ကြောင်း သိရသည်။

သံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်းအပြင် မဂ္ဂါဝပ် ၁၃၆၀ ထွက်ရှိမည့် ဟတ်ကြီးဆည်ရေအားလျှပ်စစ်စီမံကိန်းကိုလည်း ၊ မြန်မာ၊ ထိုင်းနှင် တရုတ်တို့အကြား ယခုနှစ်ကုန်ပိုင်းတွင် လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိကြောင်း EGATi မှ အမည်မဖော်လိုသူ တစ်ဦးက ပြောကြားသည် အဆိုပါ စီမံကိန်းတွင် EGATi က ဘတ် ၈၁ ဘီလျံတန်ဖိုးရှိ ရှယ်ယာ ၃၆ ဒသမ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ကျန် ၅၆ ဒသမ ၅ ရာခိုင်နှုန်းကို မြန်မာနှင့် တရုတ်တို့က ပိုင်ဆိုင်မည်ဟု ၎င်းက ပြောကြားသည်။

EGATi အနေဖြင့် မြန်မာနိုင်ငံတွင် မောင်ကော့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတစ်ရုံကိုလည်း အမေရိကန်ဒေါ်လာ သန်း၇၀၀ (ဘတ် ၂၃ ဒသမ ၈၂ ဘီလျံ) သုံးစွဲကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly