ထိုင်းရွေးကောက်ပွဲအပြီး ချန်အိုချာ ဝန်ကြီးချုပ် ဆက်ဖြစ်ရေး စစ်တပ်အုပ်စု လှုပ်ရှား

ထိုင်းရွေးကောက်ပွဲအပြီး ချန်အိုချာ ဝန်ကြီးချုပ် ဆက်ဖြစ်ရေး စစ်တပ်အုပ်စု လှုပ်ရှား

ဘန်ကောက်၊ အောက်တိုဘာ ၅ ။            ။ ထိုင်းနိုင်ငံတွင် လာမည့်ရွေးကောက်ပွဲအပြီး ဝန်ကြီးချုပ်အဖြစ် ပရာယွတ်ချန်အိုချာအား ဆက်လက်ထောက်ခံမည့် ညွန့်ပေါင်းတစ်ရပ်ဖွဲ့စည်းရန် စစ်တပ်ထောက်ခံအုပ်စုများက စိုင်းပြင်းလျက်ရှိနေသည်။

စစ်တပ်ခန့်အပ်သော လွှတ်တော်အမတ်ဟောင်း ပိုင်ဘွန်နက်တီတာဝန်က သြဂုတ် ၇ ရက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအပြီး အချိန်ပိုင်းအတွင်း နိုင်ငံရေးနှင့် ဘာသာရေးပြုပြင်ပြောင်းလဲမှုနှင့် ပြည်သူ့အာဏာ ပိုမိုကြီးထွားရေးတို့ကို ပစ်မှတ်ထားမည့် ပါတီတစ်ရပ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ပြောထားသည်။

အငြိမ်းစားစစ်မှုထမ်းများကို ၎င်း၏ ပါတီသို့ ဝင်ရောက်ရန် ကြိုဆိုကြောင်း နက်တီတာဝန်က ပြောသည်။ ယင်းပါတီသည် စစ်အစိုးရအတွက် အရပ်ဖက်ပါတီတစ်ရပ်အဖြစ် ဖွဲ့စည်းခြင်းဖြစ်မည်ဟု ထင်ကြေးများလည်း ရှိနေသည်။ သို့သော် နက်တီတာဝန်၏ ပြည်သူ့ပြုပြင်ပြောင်းလဲရေး ပါတီက ချန်အိုချာအား ဝန်ကြီးချုပ်အဖြစ် ထောက်ခံမည်လားဆိုသည်ကို အောက်တိုဘာ ၄ ရက်အထိ ၎င်းက အတည်ပြုသေးခြင်းမရှိပေ။

“ကျွန်တော်တို့ ပါတီကို ဝင်မယ့် စိတ်ဝင်စားတဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီးတွေ၊ စစ်သားတွေ ရှိထားပါတယ်။ ပြုပြင်ပြောင်းလဲမှုကို တကယ်ဖော်ဆောင်နိုင်မယ့် လူ ကျွန်တော်တို့ လိုအပ်ပါတယ်။ ကျွန်တော်တစ်ယောက်တည်းအတွက်ဆိုရင်တော့ ဗိုလ်ချုပ်ကြီး ချန်အိုချာက သင့်တော်တယ် ထင်ပါတယ်။”ဟု နက်တီတာဝန်က ပြောသည်။

လာမည့်နှစ်များအတွင်း ထိုင်းအစိုးရ၏ အာဏာဆက်လက်အုပ်စိုးထားချိန် အာဏာသိမ်းမှုများ မပေါ်ပေါက်ရေး ငြိမ်းချမ်းရေးနှင့် အမိန့်တည်မြဲရေးအမျိုးသားကောင်စီ NCPO ၏ အားထုတ်မှုတစ်ရပ်အနေဖြင့် ပထမတပ်မတော်တပ်မှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး အပီရတ်ခွန်ဆွမ်ပေါင်အား ခန့်အပ်ခဲ့သည်။

အစိုးရဆန့်ကျင်သည့် လှုပ်ရှားမှုများကြောင့် နိုင်ငံရေးအုံကြွမှုများ ပေါ်ပေါက်နိုင်ခြင်းအတွက် စစ်ဦးစီးချုပ်သစ်အဖြစ် ဗိုလ်ချုပ်ကြီး ချာလာအမ်ချိုင်းဆစ်သီဆတ်က တာဝန်ယူထားချိန် အပီရတ်က အောက်တိုဘာ ၃ ရက်တွင် ရာထူးစတင်ထမ်းဆောင်ခြင်းလည်းဖြစ်သည်။

ရာထူးတာဝန်ယူပြီး ပထမနေ့၌ ဒုတိယဗိုလ်ချုပ်ကြီး တည်ငြိမ်ရေးနှင့် အမိန့်တည်မြဲရေးကို ထိန်းသိမ်းကာ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဦးစီးချုပ်တို့၏ အမိန့်များအား အကောင်အထည်ဖော်ဆောင်ကာ အာဏာသိမ်းမှုများအား ကာကွယ်သွားမည်ဖြစ်ကြောင်း ကတိသစ္စာဆိုခဲ့သည်။ “ကျွန်တော်ရဲ့ လုပ်ငန်းစဉ်တာဝန်က ဘုရင်မင်းမြတ်ကို အသက်ပေးကာကွယ်ရမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနဲ့ စစ်ဦးစီးချုပ်တို့ရဲ့ ညွန်ကြားချက်တွေကို တစ်သွေမတိမ်း လိုက်နာပြီး အစိုးရကို အထောက်အပံ့ပေးသွားရမှာဖြစ်ပါတယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly