ယခုနှစ်အတွင်း ကလေးစစ်သား ၁၀၁ ဦး ပြန်လည် လွှတ်ပေး

ယခုနှစ်အတွင်း ကလေးစစ်သား ၁၀၁ ဦး ပြန်လည် လွှတ်ပေး

ယခုနှစ်အတွင်း တပ်မတော်က ကလေးစစ်သား ၁၀၁ ဦးအား ပြန်လည်လွှတ်ပေးခဲ့ပြီးဖြစ်ရာ ၂၀၁၂ ခုနှစ်နောက်ပိုင်း ပြန်လည် လွှတ်ပေးခဲ့သည့် ကလေးစစ်သားဦးရေ ၈၀၀ အထိ ရှိသွားပြီဖြစ်ကြောင်း အာဏာပိုင်များက အောက်တိုဘာ ၃ ရက်၌ ပြောသည်။

မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်အတွင်းက ကလေးစစ်သား အသုံးပြုခြင်းနှင့် စုဆောင်းခြင်းများ အဆုံးသတ်ရေးနှင့် တားဆီးကာကွယ်ရေး ကုလသမဂ္ဂ ပူးတွဲစီမံချက်တွင် လက်မှတ်ရေးထိုးထားသည်။

ပြန်လည်လွှတ်ပေးသည့် ကလေးစစ်သားများအနေဖြင့် ဘဝပြန်လည် စတင်ရေးအတွက် ပညာသင်ခြင်း၊ သက်မွေးမှုပညာ သင်ကြားခြင်းတို့ အပါအဝင် လူမှုစီးပွားပြန်လည်ထူထောင်ရေး စီမံချက်များဖြင့်   ပြန်လည် ထူထောင်ပေးမည်ဖြစ်သည်။

တစ်ချိန်တည်းတွင် ကလေးစစ်သား စုဆောင်ခြင်းအတွက် အရာရှိ ၇၃ ဦး အပါအဝင် စစ်မှုထမ်း ၃၈၂ ဦးအား တပ်မတော်က အရေးယူ ပြစ်ဒဏ်ပေးခဲ့သည်။

မြန်မာနိုင်ငံ၏ လုပ်ဆောင်မှုကို ချီးကျုးလျက် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်က လက်နက်ကိုင် စစ်ပွဲများတွင် အရွယ်မရောက်သေးသူများ ပါဝင်နေခြင်း လုံးဝ မရှိစေရေးအတွက်    မြန်မာနိုင်ငံနှင့်အတူ ဆက်လက် လက်တွဲလုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြောသည်။

ထို့ပြင် ယူနီဆက်ဖ်က ကလေးသူငယ်များအပေါ် မည်သည့် အလွဲသုံးစားမှုမျိုးကိုမဆို ဆန့်ကျင်တားဦးရေး ဆက်လက် လုပ်ဆောင်သွားရန်လည်း တိုက်တွန်းသည်။မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်အတွင်းက ကလေးသူငယ်များဆိုင်ရာ ကုလသမဂ္ဂနိုင်ငံများ စောင့်ကြည့်ရေးနှင့် အစီရင်ခံစာ ထုတ်ပြန်ခြင်း CTFMR ၏ ၁၈ လတာ အရေးယူဆောင်ရွက်မှု စီမံချက်တွင် လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။ ယင်းစီမံချက်အရ ခြောက်လ တစ်ကြိမ် လုပ်ငန်းဆောင်ရွက်မှုကို ပြန်လည်သုံးသပ်ရသည်။

အထက်ပါ စီမံချက်တွင် လက်မှတ်မရေးထိုးမီက မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ်အတွင်း စစ်တပ်အတွင်း ကလေးသူငယ် အသုံးပြုခြင်း တားဆီးကာကွယ်ရေး ကော်မတီတစ်ရပ်အား ထူထောင်ခဲ့ပြီး အရွယ်မရောက်သေးသူများ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေးကို လုပ်ဆောင်ခဲ့သည်။

ကလေးငယ်များ၏ အခြေခံ အခွင့်အရေးများ ရရှိရေး၊ အလွဲသုံးစား လုပ်ခံရခြင်းများမှ ကာကွယ်တားဆီးရေးတို့အတွက် ကလေးသူငယ်ဆိုင်ရာ အမျိုးသား ကော်မရှင်ကိုလည်း တည်ထောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly