ကိုယ်ပိုင် ဂျက်လေယာဉ်ပေါ်တွင် ဖောက်ထွင်းမြင်နိုင်သော ညို့အားပြင်း ဝတ်စုံကို ဝတ်ဆင်ကာ ဓာတ်ပုံရိုက်ခဲ့သည့် လေဒီဂါဂါ

ကိုယ်ပိုင် ဂျက်လေယာဉ်ပေါ်တွင် ဖောက်ထွင်းမြင်နိုင်သော ညို့အားပြင်း ဝတ်စုံကို ဝတ်ဆင်ကာ ဓာတ်ပုံရိုက်ခဲ့သည့် လေဒီဂါဂါ

နယူးယော့ခ်၊ ဇူလိုင် ၁၄ ။       ။ ဖက်ရှင်ဒီဇိုင်း အသစ်အဆန်းများ တီထွင်ဝတ်ဆင်ခြင်းကို နှစ်သက်သည့် ကမ္ဘာကျော် အဆိုတော်လေဒီဂါဂါသည် ဇူလိုင် ၁၃ ရက်က ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်တွင် အပေါက်များ ဖောက်ထားသော အဖြူရောင် အင်္ကျီ နှင့် ဘောင်းဘီတစ်ဆက်တည်း ဝတ်စုံကို ဝတ်ဆင်ကာ ဓာတ်ပုံရိုက်ခဲ့သည်။

လေဒီဂါဂါသည် ဇူလိုင် ၁၂ ရက်ကလည်း Warning Explicit Beauty ဟု စာသားများရေးထိုးထား သည့်ဖောက်ထွင်းမြင်နိုင်သော မှန်ကြည်စက္ကူအင်္ကျီကို ဝတ်ဆင်ကာ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ ၎င်းတည်းခိုရာ ဟိုတယ်မှ ထွက်ခွာလာခဲ့သည်။

အသက် ၂၉ နှစ် အရွယ်ရှိ လေဒီဂါဂါ ဝတ်ဆင်ထားသော အဆိုပါ အင်္ကျီနှင့် ဘောင်းဘီ တစ်ဆက်တည်း ဝတ်စုံသည် ၁၉၇၀ ပြည့်လွန်နှစ်ပုံစံ ချုပ်ထားကာ ခေါင်းလောင်းပုံစံ အင်္ကျီလက် အနားတွင် ဇာများဖြင့် ကွပ်ထားပြီး ခေါင်းလောင်းဘောင်းဘီ ဒီဇိုင်းပုံ ဖော်ချုပ်ထားသည်။

လေဒီဂါဂါသည် အကျီလည်ပင်းနားတွင် အဖြူရောင် ဖဲကြိုးကို ဖဲပြားပုံစံ ချည်နှောင်ထားကာ အနက်ရောင် ဒေါက်မြင့်ဖိနပ်ကို ဝတ်ဆင်ထားပြီး ရွှေဖြူရောင်ဆိုထားသော ၎င်း၏ ဆံကေသာကို စုစည်းထားပုံက ရင်သပ် ရှုမောဖွယ် လှပနေသည်။

ဂါဂါသည် အပေါက်များ ဖောက်ထားသော အဆိုပါ အဖြူရောင် အင်္ကျီနှင့် ဘောင်းဘီ တစ်ဆက်တည်း ဝတ်စုံကို ဝတ်ဆင်ကာ ရိုက်ထားသော ဓာတ်ပုံများကို Instagram တွင် တင်ခဲ့ရာ followers ၈ ဒသမ ၄ သန်းက ဓာတ်ပုံများကို share ယူခဲ့ကြသည်။ ဂါဂါသည် ဓာတ်ပုံအောက်တွင် Fly Me To The Moon စာသားကို ရေးသား ထားသည်။

ဂါဂါ နှင့်အသက် ၈၈ နှစ်အရွယ် အဆိုတော် တိုနီဘန်းနတ်ထ် တို့သည် ဥရောပတွင် ၎င်းတို့၏ Cheek To Cheek ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ် ဖျော်ဖြေပွဲများ ပြုလုပ်လျက် ရှိသည်။ ၎င်းတို့ နှစ်ဦးသည် ဆွစ်ဇာလန်နိုင်ငံ Montreux Jazz ဂီတပွဲတော်မှ လွဲ၍ ဘယ်လ်ဂျီယမ်၊ စပိန်နှင့် အီတလီနိုင်ငံတို့တွင် ဖျော်ဖြေနိုင်ဖွယ် အလားအလာ မရှိပေ။

ဂါဂါသည် တိုနီနှင့် နယူးဂျာဆီပြည်နယ် အတ္တလန်တစ်မြို့တွင် ဖျော်ဖြေရန် ရှိခြင်းကြောင့် ဥရောပမှ အမေရိကန်ပြည်ထောင်စု သို့ လေယာဉ်ဖြင့် ပြန်လာနိုင်ဖွယ်ရှိသည်။ ဇူလိုင်လတွင် အမေရိကန် ဖျော်ဖြေပွဲ သုံးပွဲ ကျော် ပြုလုပ်ကာ ၎င်းတို့၏ ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်ကို အဆုံးသတ်သွား မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly