ရခိုင် စစ်ဘေးရှောင် ၂၀၀၀ ကျော် ရိက္ခာ ပြတ်လပ်နေ

ရခိုင် စစ်ဘေးရှောင် ၂၀၀၀ ကျော် ရိက္ခာ ပြတ်လပ်နေ

စစ်တွေ၊ အောက်တိုဘာ ၃ ရက်။                  ။  ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် တပ်မတော်ကြား တိုက်ပွဲများကြောင့် တစ်နှစ်ကျော်ကြာ တိမ်းရှောင်နေကြရ သည့် စစ်ဘေးရှောင် ၂၂၀၀ ကျော်မှာ ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များ အကူအညီပေးရေး အဖွဲ့မှ သိရသည်။

“စခန်း တာဝန်ခံတွေ ပြောကြားချက်အရ နောက်ထပ် တစ်လစာလောက်ပဲ ကျန်တော့တယ်လို့ သိရပါတယ်။ တခြား ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေလည်း မရှိတော့ဘူးဆိုတော့ စခန်းက လူတွေက တောထဲဝင်ပြီး ဖြစ်သလို ရုန်းကန် နေကြရပါတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ် စစ်ဘေးရှောင်များ ကူညီထောက်ပံ့ရေး အဖွဲ့မှ ကိုသိန်းဝဏ္ဏက ပြောသည်။

ဒုက္ခသည်များကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အကူအညီပေးရန် မေလ ၁၁ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယ အကြိမ် ပြည်နယ်လွှတ်တော်မှ ဆုံးဖြတ်ခဲ့ပြီး ဒုက္ခသည်များအတွက် ယာယီနေအိမ်   ဆောက်လုပ်နိုင်ရန် တစ်အိမ်ထောင်လျှင် ငွေကျပ် ၂ သိန်းနှုန်းဖြင့် အိမ်ထောင်စု ၃၈၅ စုအတွက် ကျပ်သိန်းပေါင်း ၇၇၀ နှင့် ယာယီ စာသင်ကျောင်း  ၅ ဆောင်အတွက် ကျပ်သိန်း ၁၀၀ ကို ပြည်နယ် အစိုးရမှ ကူညီပေးခဲ့သည်။

“ပြည်နယ်အစိုးရက စစ်ဘေးရှောင် အိမ်ထောင်တွေကို  ထောက်ပံ့ကြေး ၂ သိန်းရပြီး ကတည်းက အစိုးရဆီ က နောက်ထပ် ကူညီတာတော့ မရှိသေးပါဘူး၊ လူမှုရေးအဖွဲ့အစည်းတွေ ဆီကလည်း ကယ်ဆယ်ရေး မလာတာ ကြာပါပြီ။” ဟု ကျောက်တော်မြို့နယ်၊ စစ်ရှောင်စခန်းရှိ ငစရိုင်းကိုင်ကျေးရွာမှ တာဝန်ကျ မူလတန်း ကျောင်းအုပ် ဦးမောင်ကြီးက ပြောသည်။

စစ်ဘေးရှောင်အများစုများမှာ တောင်ယာလုပ်ငန်းကို လုပ်ကိုင်စားသောက်သူများ ဖြစ်ပြီး စစ်ပွဲများ မရှိတော့ သော်လည်း တောထဲသို့ ဝင်ရောက်ပါက စစ်ကြောင်းများနှင့် တိုးမိမည်စိုး၍ တစ်ကြောင်း၊   မြေမြုပ်မှိုင်း အန္တ ရာယ် စိုးရိမ်၍တစ်ကြောင်း စသဖြင့် မသွားရောက်လိုကြခြင်း ဖြစ်သည်။

“ စစ်ဘေးရှောင်စခန်းတွေမှာ ရိက္ခာ ပြတ်တောက်နေတယ်ဆိုတာ ဟုတ်ပါတယ်။ ဖြစ်ပြီးခါစမှာတော့ အရပ် ဖက် လူမှုအဖွဲ့ အစည်းတွေနဲ့ မြို့နယ်တချို့ထောက်ပံ့ကူညီပေးကြတယ်။

အစိုးရကလည်း နေထိုင်ဖို့အတွက် ပံ့ပိုးပေးထားတာတွေလည်း ရှိပါတယ်။ သို့သော် ရေရှည်ဖြစ်လာတဲ့ အခါမှာ သူတို့မှာ အလုပ်အကိုင်အခွင့်အ လမ်းမရှိတော့ တချို့ကလေးတွေဆိုရင် ကျောင်း ထုတ်ထားရတာတွေလည်း ရှိနေပါတယ်။ မိဘတွေမှာ လုပ် အား ငွေကြေးမရှိတော့ ၈/၉ တန်းကလေးတွေ ကျောင်းထွက်နေရပါတယ် ” ဟု စစ်ဘေးရှောင်များအား အကူအညီ ပေးလျှက်ရှိသည့် ဝံလက်ဒေသ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။

တိုက်ပွဲများကြောင့် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်တွင် စစ် ဘေးရှောင်စခန်း ၁၃ ခု ဖွင့်လှစ်ထားပြီး ဒုက္ခသည် ၂၀၀၀ ကျော် ခိုလှုံလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly