တပ်မတော် အရာရှိနှင့် တပ်သားတစ်ဦးကို ရက္ခိုင့်တပ်မတော်က ဇူလိုင် ၁၄ တွင်ပြန်လွှတ်

တပ်မတော် အရာရှိနှင့် တပ်သားတစ်ဦးကို ရက္ခိုင့်တပ်မတော်က ဇူလိုင် ၁၄ တွင်ပြန်လွှတ်

ရန်ကုန်၊ ဇူလိုင် ၁၄ ။      ။ အစိုးရတပ်နှင့် ရက္ခိုင့်တပ်မတော် (AA)တို့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးမိသောမြန်မာ့ တပ်မတော် သားနှစ်ဦးကို ဇူလိုင် ၁၄ ရက်တွင်ပြန်လွှတ် လိုက်သည်ဟု AA က မဇ္ဈိမ ကိုပြောသည်။

မြန်မာ့ တပ်မတော်မှ အရာရှိ တစ်ဦးနှင့် တပ်သားတစ်ဦးကို  မတ်လအတွင်းက ရက္ခိုင့် တပ်မတော်က ဖမ်းဆီးထား ခြင်းဖြစ်ပြီး ထိုသုံ့ပန်းများ အချင်းချင်းလဲလှယ်ရန် ကမ်းလှမ်းခဲ့သော်လည်း မြန်မာ့တပ်မတော်က အကြောင်းပြန်ခြင်းမရှိဟု ဆိုသည်။

AA ၏ ပြန်ကြားရေး တာဝန်ခံ ကိုသုခ က"ဒီနေ့မှာ(၁၄ရက်) သူတို့ကို ပြန်လွှတ်ပေးဖို့ စီစဉ်ထားပါတယ်။ ICRC နဲ့ ပူးပေါင်းပြီး သူတို့ သွားချင်တဲ့နေရာတွေ ကောင်းကောင်းမွန်မွန် ရောက်ရှိအောင် စီစဉ်ထားပါတယ်"ဟု ပြောသည်။

ထို့ပြင် ချင်းလူ့အခွင့်ရေးအဖွ့ဲက AA တပ်ဖွ့ဲသည် ချင်းပြည်နယ် ပလက်၀ မြို့နယ်မှ ဒေသခံအချို့ကို ဖမ်းဆီးမှုများ ရှိနေသည်ဟု ထုတ်ပြန်ထားပြီး AA ကမူ ယင်းကိစ္စကို ငြင်းဆိုလိုက်သည်။

AA ၏ပြန်ကြားရေးတာဝန်ခံက  "ကျွန်တော်တို့ရဲ့ တပ်မှူးတွေ၊ စစ်ကြောင်းမှူးတွေကို ဒီလိုအပြုအမူတွေ မလုပ်ဖို့ သေချာညွှန်ကြား ထားပါတယ်"ဟု ဆိုသည်။

မတ်လအတွင်းက မြန်မာ့တပ်မတော်နှင့် AA တို့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကျောက်တော်ဒေသခံအချို့ကို AA နှင့် ပတ်သက်မှုရှိနေ သည်ဆိုကာ တပ်မတော်က ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးထားသော ကျောက်တော်ဒေသခံများအနက် ၂၀ ကျော်ကို ပြန်လွှတ်ပြီးဖြစ်သော်လည်း လက်ရှိတွင် AA မှ တပ်သားအချို့ နဲ့ ဒေသခံအချို့ ကျန်ရှိနေသေးသည် ဟုလည်း AA က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly