မြန်မာ့တရားရေးစနစ်မှာ နိုင်ငံတကာစံများကိုမီရန် အဝေးကြီးလိုသေးဟု ကျွမ်းကျင်သူ ပြောကြား

မြန်မာ့တရားရေးစနစ်မှာ နိုင်ငံတကာစံများကိုမီရန် အဝေးကြီးလိုသေးဟု ကျွမ်းကျင်သူ ပြောကြား

ဆစ်ဒနီ၊ ဇူလိုင် ၁၄ ။      ။ မြန်မာနိုင်ငံ၏ တရားရေးစနစ်မှာ လျင်မြန်စွာ ပြောင်းလဲနေသော်လည်း နိုင်ငံတကာ စံများကိုမီရန် အဝေးကြီး လိုနေသေးသည်ဟု စင်ကာပူအမျိုးသားတက္ကသိုလ် အာရှတရားရေးစနစ်များ လေ့လာမှု ဌာနမှ သုတေသီ တစ်ဦးဖြစ် သည့် ဒေါက်တာ မီလစ်ဆာ ခရော့ချ်က ပြောသည်။

နိုင်ငံတကာ ရှေ့နေအသင်း၏ မကြာသေးမီက အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ နယ်ပယ်အတော်များများ တွင် နိုင်ငံတကာ တရားရေးစံများကို ပြည့်မီရောက်ရှိခြင်း မရှိကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

ဒေါက်တာခရော့ချ်မှာ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းစဉ်တွင် နိုင်ငံတစ်နိုင်ငံ ရင်ဆိုင်ရသည့် တရားရေး ပြဿနာများကို ဖြေရှင်းရန် ရည်ရွယ်သည့် လက်စွဲစာအုပ် တစ်အုပ်ကို ပြုစုသည့် ပူးတွဲအယ်ဒီတာများထဲတွင် တစ်ယောက် အပါအဝင် ဖြစ်သည်။

နောက်နှစ်တွင် ထွက်ရှိလာမည့် အခန်း၂၀ ပါ ထိုစာအုပ်တွင် လမ်းညွှန်မှုပေးနိုင်ရန် ဒေသတွင်းနိုင်ငံများမှ အတွေ့အကြုံများကို စုစည်းထားသည်ဟု ဆိုသည်။ “လက်ရှိဖြစ်ပွားဆဲ တရားရေးပြုပြင်ပြောင်းလဲမှုတွေကို သမိုင်းနဲ့ လူမှုရေးနောက်ခံတွေနဲ့ ဆက်စပ်ပြီး ပုံဖော်ဖို့ ကြိုးစားထားပါတယ်” ဟု ဒေါက်တာ ခရော့ချ်က ရေဒီယို သြစတြေးလျ၏ အာရှပစိဖိတ် အစီအစဉ်ကို ရှင်းလင်းပြောပြသည်။

ဒေါက်တာခရော့ချ်၏ ပြောကြားချက်အရ စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ပြုစုခဲ့သော ကြောင့် တရား ဥပဒေ စိုးမိုးရေးသည် ပင် မြန်မာလူထု စိုးရိမ်သောကပွားနေရသည့် အကြောင်းအရာ ဖြစ်သည်ဟု ဆိုသည်။ “တရားဥပဒေ စိုးမိုးရေးဆိုတာ အခုတစ် ခဏမှာ မြန်မာပြည်သူတိုင်း ပြောနေကြ တဲ့ စကားလုံး တစ်လုံးပဲ” ဟု ၎င်းက ပြောသည်။

ဆက်လက်ပြီး ယခုတစ်ခဏတွင် မီဒီယာများပေါ်၌ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံကို ပြင်ဆင် ရန်နှင့် ပတ်သက်ပြီး အချေအတင် ဆွေးနွေးနေကြသည်ဟုလည်း ၎င်းက ပြောကြားသည်။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ အရွေးမခံနိုင်အောင် တားမြစ် ထားသည်။

“ကျွန်မ အမှန်တကယ် အရေးကြီးတယ်လို့ ထင်တာက မြန်မာလူထုတွေ ကိုယ်တိုင်က တရားဥပဒေ စိုးမိုးရေးဟာ ဘယ်လိုဖြစ် သင့်တယ်၊ ဘယ်လို ခိုင်မာအားကောင်းအောင် လုပ်သင့်တယ် ဆိုတာကို ပွင့်ပွင့် လင်းလင်းဆွေးနွေးနိုင်ကြ တာပါပဲ” ဟုဒေါက်တာ ခရော့ချ်က ပြောကြားသည်။

လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေက စစ်တပ်အရာရှိများကို လွှတ်တော်ထိုင်ခုံတွင် ထိုင်ခွင့်ပြုထားခြင်းနှင့် ပတ်သက်၍ လည်းဒေါက်တာ ခရော့ချ်က “ဒီမိုကရေစီစနစ်ကို အပြည့်အဝ ကူးပြောင်းနေတယ်ဆိုရင် စစ်တပ်က လွှတ်တော်ထဲမှာ မရှိသင့်တော့ပါဘူး” ဟု ပြောကြားသည်။ စစ်တပ်က အခုလုပ်နေသလို ဝန်ကြီးတွေကို ရွေးကောက်တင်မြှောက်နိုင်တဲ့ အာဏာလည်း မရှိသင့်ပါဘူး” ဟုလည်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly