အမြန်လမ်းပေါ်က ကျူးကျော်များ အဖျက်ခံရဦးမည် မဟုတ်

အမြန်လမ်းပေါ်က ကျူးကျော်များ အဖျက်ခံရဦးမည် မဟုတ်

ရန်ကုန်၊ အောက်တိုဘာ ၁ ။              ။ လှည်းကူးမြို့နယ် အတွင်းရှိ ရန်ကုန် - နေပြည်တော် အမြန်လမ်းပေါ်ရှိ ကျူးကျော် အိမ်ရာများကို ဖျက်သိမ်း ဦးမည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အိုးအိမ်ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးယုခိုင်က မဇ္ဈိမကို ပြောသည်။

"အခုဖျက် အခုပျက်တာပေါ့ကွာ။ အခုလောလောဆယ် မိုးလည်းတအားကျနေတယ် ဝါတွင်းလည်း ဖြစ် နေ တယ်။ အဲ့တော့ သူတို့ကို အဲ့နေရာမှာ ခဏနေပေ့ါ လို့ လူကြီးတွေက ညွှန်ကြားထားတယ်။ မရှင်းလင်းသေး ဘူးပေါ့" ဟု ဦးယုခိုင်က ပြောသည်။

ကျူးကျော်များအနေဖြင့် ရွေ့ပြောင်းရ လွယ်ကူစေရန် အချိန်ပေးထားသည့် သဘောဖြစ်ပြီး ရှင်းလင်း ပြီးပါက အဆိုပါ နေရာတွင် စီမံကိန်းများ လုပ်ဆောင်သွားဖို့ ရှိနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

လှည်းကူးမြို့နယ် အတွင်းရှိ ရတနာအောင်ကျေးရွာသစ်၊ ကံ့ကော်ကျွန်းကျေးရွာသစ်၊ စိမ်းလန်းကျေးရွာသစ်၊ အောင်ရတနာ ကျေးရွာသစ်များကို စက်တင်ဘာ ၅ ရက်နေ့အပြီး ဖယ်ရှားပေးရန် အိုးအိမ်ဦးစီးဌာနက သြဂုတ် လ ၂၁ ရက်နေ့တွင် နို့တစ်စာ ထုတ်ပြန်ထားသော်လည်း လက်ရှိတွင် ဖျက်သိမ်းခြင်းမပြုပဲ စောင့်ဆိုင်းနေခြင်း ဖြစ်ပြီး အဆိုပါကျေးရွာသစ်များတွင် လူဦးရေ စုစုပေါင်း   လေးထောင်ကျော်ခန့် နေထိုင်နေကြောင်း သိရသည်။

"နိုင်ငံတော်အစိုးရက ဖျက်မယ်ဆိုလည်း ကျွန်တော်တို့က ငြင်းပိုင်ခွင့်လည်း မရှိဘူး။ ဒါပေမယ့် မြေနေရာ အစား ပြန်ပေးရင် ကျွန်တော်တို့က ကျေနပ်မှာပါ။ နေရာအစားမရရင် ကျွန်တော်တို့က ဒီနေရာက ဖယ်ပေးလို့ မရဘူးခင်ဗျ " ဟု ရတနာအောင်ကျေးရွာသစ် တည်ဆောက်ရေး ဥက္ကဋ္ဌ ဥိးပြုံးချိုက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ကျူးကျော်အိမ်ရာများကို စာရင်းကောက်ယူမှုများ ပြုလုပ်နေသော် လည်း အဆိုပါကျေးရွာများသို့ လာရောက်ကောက်ယူခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်လက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ရန်ကုန်-နေပြည်တော် အမြန်လမ်းပေါ်ရှိ ကျွန်းကလေး စိုက်ပျိုးရေး ဧရိယာအတွင်းရှိ ကျူးကျော် အိမ်ရာများကို ရှင်းလင်းခဲ့ဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly