အစိုးရ နှင့် ကိုးကန့် တိုက်ပွဲကြောင့် ဒုက္ခသည် ရ၀၀ ခန့် တိမ်းရှောင်နေရပြီး စားဝတ်နေရေး အခက်အခဲ ကြံုနေရဟု ဆို

အစိုးရ နှင့် ကိုးကန့် တိုက်ပွဲကြောင့် ဒုက္ခသည် ရ၀၀ ခန့် တိမ်းရှောင်နေရပြီး စားဝတ်နေရေး အခက်အခဲ ကြံုနေရဟု ဆို

ချင်းမိုင်၊ ဇူလိုင် ၁၄ ။      ။ အစိုးရနှင့် ကိုးကန့်တပ်တို့၏ တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၇၀၀ ခန့်သည် ယခုထိ ထွက်ပြေး တိမ်း ရှောင်နေရဆဲဖြစ်ပြီး စားဝတ်နေရေး အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု ပလောင်(တအာင်း) အမျိုးသမီး အစည်းအရုံး (PWO) က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်မှ စတင်၍ လောက်ကိုင်ဒေသတွင် အစိုးရ စစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့ တိုက်ပွဲကြောင့် တရုတ်နယ်စပ် နမ့်ဆန်မြို့အနီးရှိ မိမိတို့ဆွေမျိုး များ၏ နေအိမ်များတွင် ခိုလှုံနေရ သဖြင့် နေထိုင်ရန် အခက်အခဲများ ကြုံတွေ့နေရသည်ဟု PWO ၏ အထွေထွေ အတွင်းရေးမှူး လိုည်းပိုးညိူဝ်းက ပြောသည်။

“ဒုက္ခသည်တွေ ခုနှစ်ရာလောက်ရှိတယ်။ ဒါပေမဲ့ ကျွန်မတို့ အကုန်လုံးလိုက်ပြီး မတွေ့နိုင်ဘူး။ ကျွန်မတို့ တွေ့တာက ၄၀၀ ကျော်လောက်ပဲ ရှိတယ်။ သူတို့က တရုတ်နယ်စပ်နဲ့ ကိုးကန့်နယ်စပ်မှာ ပေါ့နော်။ နမ့်ဆန်မြို့နားမှာ ပလောင် ရွာတွေမှာ နေနေကြတယ်။ သူတို့တွေက ဆွေမျိုးတွေရဲ့ အိမ်မှာ ခိုလှုံနေတယ်။ အဲဒီလို နေတဲ့အခါမှာလည်း သူတို့ က အိမ်တွေက မသန့်ဘူး။ အထူးသဖြင့် တိရစ္ဆာန် တွေ မွေးတဲ့ ဝက်ခြံ၊ ကြက်ခြံတွေလိုမှာ နေရတယ်။ အစား အသောက် က နေ့စားလုပ်ပြီးမှ စားရတယ်။ တခါတလေ ဆန်စားစရာမရှိလို့ ဆန်ပြုတ်တွေ သောက်ရတာ တွေ တော့ ရှိတယ်ပေါ့”ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါ ဒုက္ခသည်များသည် လောက်ကိုင်ဒေသရှိ ကုန်းကြမ်းမြို့နယ်၊ တာရွှေထန် စသည့် ဒေသအတွင်းရှိ ကျေးရွာများမှ ရွာသားများ ဖြစ်ပြီး ပလောင်အမျိုးသမီးများက အဆိုပါ ဒုက္ခသည်များ ကို သွားရောက်ကြည့်ရှုခဲ့ပြီး ဆန်၊ ဆီ၊ ဆားများကို တတ်နိုင်သမျှ ကူညီပေးနိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။

အဆိုပါ ဒုက္ခသည်များ နေထိုင်သည့်နေရာများသည် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိခြင်း၊ ကလေးငယ်များ ကျောင်းစာများ မသင်ကြားနိုင်ခြင်း၊ မည်သည့်အဖွဲ့အစည်းများ လာရောက် ကူညီထောက်ပံ့ပေးခြင်း မရှိကြောင်း ပလောင်အမျိုးသမီးများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ပြေးဒုက္ခသည်များ စားဝတ်နေရေးအတွက် တရုတ်နယ်စပ်ရှိ ကြံခင်းများတွင် တစ်ရက်လျှင် တရုတ်ငွေ ၃၀ ယွန် (ကျပ် ၅,၅၀၀)မှ ၅၀ ယွန် (ကျပ် ၉,၂၀၀) သာ ရရှိသော နေ့စားအလုပ်လုပ်၍ စားဝတ်နေရေး အတွက် ဖြေရှင်းနေ ရသည်ဟု ဆိုသည်။

တိုက်ပွဲများ ရပ်တန့်၍ စစ်ပြေးဒုက္ခသည်များအတွက် နေရာပြန်လည် ချထားရေးနှင့် ၎င်းတို့အား ကူညီနိုင်ရန် အစိုးရ က ဦးစားပေးဆောင်ရွက်ပေးသင့်ကြောင်းကို အသိပေးစေလိုခြင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် အမှန်တရား ဖော်ထုတ်ကာ စစ်ပြေးဒုက္ခသည်များ အခြေအနေ များကို ဖော်ထုတ်၍ ဆောင်ရွက်ပေးရန် ကြေညာ ချက် ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု လိုည်းပိုးညိူဝ်းက ပြောသည်။

“အခုက ကိုးကန့်နဲ့တိုက်ပွဲဖြစ်တယ်ဆိုပေမယ့် ကျွန်မတို့ ပလောင်ဒုက္ခသည်တွေ ထပ်ထွက်လာတယ် ဆိုတော့ ဘယ်ဒေသ မှာဖြစ်ဖြစ် စစ်ပွဲကို ရပ်စေချင်တယ်။ နောက်တခုက ဒေသမှာ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း တာဝန်ခံဖို့ လုပ်ပေးဖို့ လိုအပ်တယ်။ ရှိနေတဲ့ ဒုက္ခသည်တွေရဲ့အခြေအနေကို ရှာဖွေပြီး တော့ ဖော်ပြပြီးတော့ သူတို့အတွက် အမှန်တရား ရှာဖွေဖို့အတွက် ကျွန်မတို့ စဉ်းစားပြီး ဒုက္ခသည်တွေရဲ့ အခြေအနေကို ထုတ်ရပါတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ တအာင်းဒေသများတွင် စစ်ပြေးဒုက္ခသည် ၇,၀၀၀ ကျော်ရှိနေပြီး စစ်ပြေးဒုက္ခသည်များ ပိုမိုများပြားလာ သဖြင့် အစိုးရက တိုင်းရင်းသားဒေသများတွင် အစိုးရစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက် မှုများ ချက်ချင်း ရပ်တန့်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို ပြင်ဆင်၍ စစ်မှန်သော ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ဦးစားပေးဆောင်ရွက်ရန် အပါအဝင် အချက် ၆ ချက်ကိုတောင်းဆိုလိုက် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly