ချယ်လ်ဆီးအသင်း ရုန်းကန်နေရခြင်းကို မအံ့သြဟု နည်းပြကွန်တီပြော

ချယ်လ်ဆီးအသင်း ရုန်းကန်နေရခြင်းကို မအံ့သြဟု နည်းပြကွန်တီပြော

အောက်တိုဘာ ၁၊ လန်ဒန်။          ။ မကြာသေးမီက အာဆင်နယ်ကို ၃-၀ ဖြင့်ရှုံးပြီး ချယ်လ်ဆီးအသင်း သုံးပွဲ ဆက်နိုင်ပွဲပျောက်ကာ ရုန်းကန်နေ ရခြင်းအတွက် အံ့အားသင့်ခြင်း မရှိဟု နည်းပြကွန်တီက ပြောသည်။

ချယ်လ်ဆီးအသင်းသည် အာဆင်နယ်နှင့်ပွဲ မတိုင်မီက ဆွမ်ဆီးနှင့် နှစ်ဂိုးစီ သရေကျပြီးနောက် လီဗာပူးလ်ကိုလည်း အိမ်ကွင်းတွင် ၂-၁ ဖြင့်ရှုံးထားသည်။

သို့သော် အသက် ၄၇ နှစ်အရွယ် နည်းပြက ၎င်းအနေဖြင့် ယမန်နှစ်က လိဂ်အဆင့် ၁၀ သာရခဲ့ပြီး ပြဿနာများကို ဖြေရှင်းရန်ရှိနေ သည့် အသင်းတစ်သင်းသို့ ပြောင်းခဲ့ခြင်းဖြစ်သည်ကို သိရှိထားသည်ဟု ပြောသည်။

“ရလဒ်တွေအပေါ် ကျွန်တော်မအံ့သြပါဘူး။ ဘာကြောင့်လဲဆိုတော့ ပုံမှန်အားဖြင့် နည်းပြပြောင်းလိုက်တယ် ဆိုတာ ပြဿနာတွေ ရှိနေတတ်လို့ပါ။ ပြဿနာတွေဖြေရှင်းပေးဖို့ ရောက်လာတယ်ဆိုရင် ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သိထားရပါမယ်။

တစ်ခါတရံ မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ရင်တော့ ပျော်ရမယ်။ တစ်ခါတရံတော့ အချိန်ယူရတတ်တယ်။ ဖြေရှင်းဖို့ ပြဿနာတွေ ဘယ်လောက်များလဲ ဆိုတာသိဖို့ အရေးကြီးတယ်။

ကျွန်တော့်ရဲ့သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ရင် ဘယ်တုန်းကမှ လွယ်ကူတဲ့ အခြေအနေမျိုးနဲ့မတွေ့ခဲ့ရဘူး ဆိုတာကို ခင်ဗျားတို့ တွေ့ရပါလိမ့်မယ်”ဟု ကွန်တီက ပြောသည်။

Ref; goal.com

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly