ကျောင်းသားများနှင့် ဝန်းရံသူ ပြည်သူများကို ရုံးထုတ်ပြီး ၁၂ ဦးကို အာမခံပေး

ကျောင်းသားများနှင့် ဝန်းရံသူ ပြည်သူများကို ရုံးထုတ်ပြီး ၁၂ ဦးကို အာမခံပေး

ရန်ကုန်၊ ဇူလိုင် ၁၄ ။    ။ လက်ပံတန်း ကျောင်းသားသပိတ်တွင် ပါဝင်ပြီး တရားစွဲဆို ခံထားရသူ ၆၂ ဦးကို ဇူလိုင် ၁၄ ရက်က သာယာဝတီ တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး အဝေးသင်ကျောင်းသားများနှင့် ဝန်းရံပြည်သူနှစ်ဦး စုစုပေါင်း ၁၂ ဦးကို အာမခံဖြင့် လွှွှတ်ပေးလိုက်သည်ဟု အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေး နေသည့် ရှေ့နေ ဦးရောဘတ် ဆန်းအောင်က ဇူလိုင် ၁၄ တွင် မဇ္ဈိမကို ပြောသည်။

သာယာဝတီထောင်မှ အာမခံဖြင့် လွတ်လာသူများမှာ ရဲဝင်းအောင်(ကျောက်ပန်းတောင်း)၊ ရဲဝင့်အောင် (ဒလ - ရွှေကြယ်မိုး)၊ မင်းချစ်သူ၊ ဝေယံမင်းလွင်၊ သက်ပိုင်ထွန်း၊ တင်ကိုဦး၊ ကျော်ဇောခန့်၊ မြတ်မင်းမော်၊ ကိုသန်းဆွေ၊ မင်းသူရိန်တို့ ဆယ်ဦးနှင့် ဝန်းရံသူ ပြည်သူ ဒေါ်သန်းအေး၊ ကိုတင်ဝင်းတို့ဖြစ်ကာ တစ်ဦးလျှင် ကျပ်သိန်း ၅၀ စီဖြင့် အာမခံပေးခဲ့ခြင်း ဖြစ်သည်။

ဦးရောဘတ်ဆန်းအောင်က “ဒီနေ့ရုံးချိန်းမှာ တရားလိုဖြစ်တဲ့ ရဲမှူး ဦးဘုန်းမြင့်ကို စစ်မေးတာ ဖြစ်ပါတယ်။ သက်သေ ရဲမှူးဘုန်းမြင့်ကို ပြန်လှန်မေးခွန်းမေးတဲ့အခါမှာ ရဲမှူးက ပြည်ထဲရေးနဲ့ ပြည်သူ့လွှွှတ်တော်ရဲ့ ကြေညာ ချက်တွေပါတဲ့ သတင်းစာတွေကို သက်သေခံအဖြစ် ထည့်ဖတ်တယ်။ ကျွန်တော်က သတင်းစာပါ အချက်အလက် ကို သက်သေအဖြစ် မထည့်သင့်ဘူးလို့ ကန့်ကွက်ခဲ့ ပါတယ်” ဟု ဆိုသည်။

ထိန်းသိမ်းခံ ကျောင်းသားများထဲမှ ၁၄ ရက်ကြာ တိုက်ပိတ်ခံထားရသော ကျောင်းသား ၇ ဦး ကို ဇူလိုင် ၁၃ ရက်က တိုက်ပိတ်ထားခြင်းမှ လွှွှတ်လိုက်သော်လည်း အကျဉ်းထောင် ဥပဒေ ပုဒ်မ  ၄၃ အရ ထပ်မံ အမှုဖွင့်သည် ဟုလည်း ဦးရောဘတ်ဆန်းအောင်ထံမှ သိရသည်။

အာမခံဖြင့် လွတ်လာသော ကျောင်းသားတစ်ဦးဖြစ်သည့် အဝေးသင်တက္ကသိုလ်(ပြည်) မှ ဓာတုဗေဒ အထူးပြု (ပထမနှစ်) ကျောင်းသားကို မြတ်မင်းမော်က “ ကျွန်တော် သာယာဝတီထောင်မှာ လေးလနဲ့ လေးရက် ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ အခု အာမခံ သိန်းငါးဆယ်ပေးပြီး အိမ်ပြန်လာရတာပါ။ အဝေးသင် စာမေးပွဲ ပြန်ဖြေမှာပါ” ဟု ဆိုသည်။

ယခုအာမခံရသော ကျောင်းသားများမှာ ပြည်၊ ကျောက်ဆည်နှင့် ရတနာပုံ အဝေးသင် တက္ကသိုလ်များ မှကျောင်းသားများဖြစ် သည်။

နှစ်ဘက်အပြန်အလှန် လျှောက်ထားချက်များကို ကြားနာစစ်ဆေးရန် နောက်ထပ် ရုံးချိန်းကို ဇူလိုင် ၂၁ ရက်သို့ ထပ်မံချိန်း ဆိုလိုက်သည်ဟုလည်း ဦးရောဘတ်စန်းအောင်ထံက ဆိုသည်။ ကျောင်းသားများနှင့် ဝန်းရံ ပြည်သူများကို ရုံးထုတ်ခြင်းသည် ယခုတစ်ကြိမ်မှာ ၁၃ ကြိမ်မြောက် ဖြစ်သည်။

သပိတ်မှောက် ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား လုံခြုံရေးရဲများက မတ်လ ၁၀ ရက်တွင် အကြမ်းဖက် ဖြိုခွင်းကာ ရိုက်နှက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဘုန်းမြင့်က တရားလို ပြုလုပ်ကာ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ အပါအဝင် ပုဒ်မ ၅ ခုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly