တရားစွဲဆိုခံထားရသည့် မဟာသန္တိသုခကျောင်းမှ ဆရာတော် ငါးပါးကိုလွှတ်ပေးရန် ထပ်မံလျှောက်ထားမည်

တရားစွဲဆိုခံထားရသည့် မဟာသန္တိသုခကျောင်းမှ ဆရာတော် ငါးပါးကိုလွှတ်ပေးရန် ထပ်မံလျှောက်ထားမည်

ရန်ကုန်၊ စက်တင်ဘာ ၃၀ ။             ။ လန်ဒန် ဆရာတော် ဦးဥတ္တရအပါအဝင် တရားစွဲဆိုခံထားရသည့် မဟာသန္တိသုခကျောင်းမှ ဆရာတော် ငါးပါးကို လွှတ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ကို ထပ်မံတင်ပြသွားမည်ဟု ရှေ့နေ ဦးသိမ်းဝင်းက မဇ္ဈိကို ပြောသည်။

“အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားလိုပျက်ကွက်ခြင်းနဲ့ ပတ်သက်ပြီး တရားသေ လွှတ်ပေးဖို့ တောင်းဆိုတာကို လက်မခံတဲ့အတွက် ခရိုင်တရားရုံးကို ၂၈ ရက်နေ့က တတ်တယ်။ ခရိုင်ကလည်း ပယ်တဲ့အတွက် အခွင့်အရေး တစ်ရပ်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ကို ဆက်တက်ဖို့ စီစဉ်ဆောင်ရွက်နေတယ်" ဟု ၎င်းက ပြောသည်။

တရားလိုဖြစ်သူ ဦးစိန်မော်က သီရိလင်္ကာသို့ ခရီးသွားသည်ဟုဆိုကာ ၈ လ ပိုင်း ၁၉ ရက် ရုံးချိန်းတွင် ရောက်ရှိလာခြင်း မရှိဘဲ  အခြားတစ်ဦးကို ကိုယ်စား ခွင့်တိုင်စေခဲ့သည်ဟု ဦးသိမ်းဝင်းက ပြောသည်။

တရားလိုမှ ဦးတိုက်လျှောက်ထားရမည့်အမှုမျိုးတွင် ကိုယ်တိုင် ခွင့်တိုင်ဖို့ပျက်ကွက်ပါက  တရားခံကိုလွှတ်ပေးရန် ဥပဒေပါ အခွင့်အရေးတစ်ရပ်အနေဖြင့် ဆရာတော်တွေကို လွှတ်ပေးဖို့ လျှောက်ထားတာလို့ ၎င်းက ပြောဆိုသည်။

လန်ဒန်ဆရာတော် အပါအဝင် တာမွေမြို့နယ် မဟာသန္တိသုခ ကျောင်းတိုက်မှ ဆရာတော်ငါးပါးကို စက်တင်ဘာ ၃၀ ရက်တွင် ၄၈ ကြိမ်မြောက်အဖြစ် တာမွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

အောက်တိုဘာ ၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ဆက်လက်တက်ရန်ရှိသောကြောင့် ရက်ချိန်း ယူရန် မြို့နယ်တရားရုံးတွင်လျှောက်ထားခဲ့ပြီး တာမွေမြို့နယ်တရားရုံးမှ လက်ခံခဲ့သောကြောင့်  အောက်တို ၁၄ ရက်နေ့တွင် ၄၉ ကြိမ်မြောက်အဖြစ် ဆက်ချိန်းထားသည်ဟု လန်ဒန်ဆရာတော် ဦးဥတ္တရ မဇ္ဈိမသို့ မိန့်သည်။

ဆရာတော် ငါးပါး တာမွေမြို့နယ် တရားရုံးမှာ အမှုတွဲအမှတ် ၁၆၃/၁၄ သံဃာတော် အဖွဲ့စည်းများဆိုင်ရာ ဥပဒေ ၂၀/၉၀ ပုဒ်မ ၁၄ နှင့် ၂၀၁၄ခုနှစ်က တရားစွဲဆိုထားခြင်း ဖြစ်သည်။

သာသနာညှိုးနွမ်းစေမှုပုဒ်မဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားရင်ဆိုင်နေခဲ့ရာမှ ဒီဇင်ဘာ ၁၀ရက် ၂၀၁၅ တွင် တရားရှင်လွှတ်ပေးထားပြီး သံဃာတော် အဖွဲ့စည်းများဆိုင်ရာ ဥပဒေဖြင့် ယခုတရားရင်ဆိုင်နေခြင်းဖြစ်သည်။

ရန်ကုန်မြို့ တာမွေ မြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတော်ကြီးကို ၂၀၁၄ခုနှစ် ဇွန်လ ၁၁ ရက်နေ့ ညပိုင်းတွင် စည်းကမ်းထိန်းသိမ်းရေး ဘုန်းကြီး ၂၈၁ ပါး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယခင် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကျောင်းတိုက်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျောင်းမှ သံဃာတော် ၇ ပါးကို ထိန်းသိမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly