ရခိုင်နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် ANP မြို့နယ်ပေါင်းစုံ အစည်းအဝေး ခေါ်ယူ

ရခိုင်နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် ANP မြို့နယ်ပေါင်းစုံ အစည်းအဝေး ခေါ်ယူ

စစ်တွေ၊ စက်တင်ဘာ ၃၀ ။            ။ လတ်တလော ဖြစ်ပွားနေသော ရခိုင့်နိုင်ငံရေး အကျပ်အတည်း ပြဿနာရပ်များကို အဖြေရှာနိုင်ရန် ရခိုင်အမျိုးသားပါတီ၏ မြို့နယ်ကော်မတီဝင်များ အားလုံးစုံ ပါဝင်သည့် မျက်နှာစုံညီအစည်းအဝေးတရပ်ကို ခေါ်ယူ သွား မည် ဖြစ်ကြောင်း ပါတီဗဟိုဌာနချူပ်မှ ညွှန်ကြားစာ ထုတ်ပြန်ထားသည်။

အစည်းအဝေးကို မြောက်ဦးမြို့နယ်တွင် ပြုလုပ်မည်ဖြစ်ပြီး အောက်တိုဘာလ ၃ ရက်နေ့မှ ၄ ရက်နေ့ထိ နှစ်ရက်တာ ကြာမြင့်မည် ဖြစ်သည်။

“လက်ရှိ နိုင်ငံရေး အခြေအနေအရ နိုင်ငံတကာနဲ့ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေ ဘင်္ဂလီကိစ္စ အပါအဝင် နောက်ဖြစ်ပေါ် လာနိုင်တဲ့ ကျွန်တော်တို့ပါတီရဲ့ အကျပ်အတည်းတွေကိုပဲ အဓိက ဆွေးနွေးသွားဖို့ဖြစ်ပါတယ်။” ရခိုင်အမျိုးသားပါတီ ဗဟို အထွေအထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားလျှက်ရှိသည့် လူမျိုးစုနှစ်ခုအကြားရှိ အဆင်မပြေမှုများနှင့် ပတ်သက်၍ အဖြေရှာနိုင်ရန် ဖွဲ့စည်းထားသည့် မစ္စတာ ကိုဖီအာနန် ဦးဆောင်သော ကော်မရှင်အား ဖျက်သိမ်းပေးရေး ပါတီမှ တောင်းဆိုထားမှုအပေါ် မြို့နယ်ပါတီခေါင်းဆောင်များနှင့် ဆက်လက် ဆွေးနွေးမှုများကိုလည်း ယခု အစည်းအဝေးတွင် ပြုလုပ်သွားမည် ဖြစ်သည်။

ထို့အပြင် နိုင်ငံတကာ၏ ရခိုင်များအပေါ် အမြင်၊ ဒေသတွင်း လူ့အသိုက်အဝန်းနှစ်ခုကြား ပြဿနာရပ်များ အပြင် ရခိုင်အမျိုးသားပါတီ၏ နိုင်ငံရေးအကျပ်အတည်းများကိုပါ ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပါတီဗဟိုမှ ထုတ်ပြန်ထားသည်။

“ ရခိုင်ပြည်နယ် လက်ရှိနိုင်ငံရေး အခင်းအကျင်းအတွက် ဆွေးနွေး ညှိနှိုင်းဖို့ရှိသလို ၂၀၁၇ မှာ ကျင်းပမယ့် ပါတီ ညီလာခံကျင်းပနိုင်ဖို့ အတွက်ကိုလည်း ထည့်သွင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။” ဟု ရခိုင်အမျိုးသား ပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

ပါတီဖွဲ့စည်းပုံအရ ဒုတိယအကြိမ် ညီလာခံကို ၂၀၁၉ ခုနှစ်တွင် ကျင်းပရမည် ဖြစ်သော်လည်း မြို့နယ်တစ်ချို့၌ သဘောထား ကွဲလွဲမှုများရှိနေကာ ဗဟိုအလုပ် အမှုဆောင်နှင့် ကော်မတီဝင်များ   နုတ်ထွက်မှုများ ရှိနေသဖြင့် ကော်မတီဝင်များ လစ်လပ်နေရာများကို ပြန်လည် ဖွဲ့စည်းနိုင်ရန် ညီလာခံကို ၂၀၁၇ ခုနှစ်တွင် ကျင်းပမည် ဖြစ် ကြောင်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့မှ ၇ ရက်နေ့ထိ ပြုလုပ်ခဲ့သည့် တံခါးပိတ်အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ ခြင်း ဖြစ်သည်။

ယခုပြုလုပ်သော မြို့နယ်ပေါင်းစုံ မျက်နှာစုံညီ အစည်းအဝေးသည် ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သော  ပါတီ၏ ညီ လာခံအပြီး ပထမဦးဆုံးအကြိမ် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly