တိုက်ခိုက်ရေးသား၊ ပြောဆိုမှုများအပေါ် ဥပဒေနှင့်အညီ တုံ့ပြန်မည်ဟု USDP ကြေငြာ

တိုက်ခိုက်ရေးသား၊ ပြောဆိုမှုများအပေါ် ဥပဒေနှင့်အညီ တုံ့ပြန်မည်ဟု USDP ကြေငြာ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေး(ဓာတ်ပုံ- ပြည်ခိုင်ဖြိုး)
 

နေပြည်တော်(စက်တင်ဘာ ၃၀၊ ၂၀၁၆ခုနှစ်)။ ။ ပါတီအပေါ် ဥပဒေမဲ့ တိုက်ခိုက်ရေးသး၊ ပြောဆိုနေမှုများအား ဥပဒေနှင့်အညီ တုံ့ပြန်သွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က ကြေငြာလိုက်သည်။

နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် စက်တင်ဘာ ၃၀ရက်ကပြုလုပ်သော ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်များမှာ ဥပဒေမဲ့ တိုက်ခိုက်ရေးသား၊ ပြောဆိုနေမှုများအား ဥပဒေနှင့်အညီ တုံ့ပြန်ဆောင်ရွက်သွားရန်အပါအဝင် အမျိုးသားရေးနှင့် အမျိုးဘာသာ သာသနာရေးကို အလေးထားဆောင်ရွက်သွားရန်၊ ပြည်သူ့သဘောထား၊ ပြည်သူ့အခွင့်အရေး၊ ပြည်သူ့လိုအပ်ချက်များကို ဦးစားပေးဖြည့်ဆည်းဆောင်ရွက်သွားရန်၊
တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်တို့ဖြင့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးကို ကာကွယ်ထိန်းသိမ်းသွားရန်၊ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းပါဝင်မှု၊ နားလည်မှုတို့ဖြင့် ပါတီလုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန်၊ ပါတီဝင်အားအားနှင့် ပတ်သက်၍ အရေအတွက်သာမက အရည်အချင်းပါပြည့်စုံသည့် ပါတီဝင်များဖြစ်စေရေး ဆောင်ရွက်သွားရန်နှင့် သိရှိလိုက်နာဆောင်ရွက်ရမည့်
သတင်းအချက်အလက်များအား ပါတီအဆင့်ဆင့်နှင့် ပါတီဝင်များအားလုံးကို အသိပေးသွားရန်တို့ဖြစ်သည်ဟုUSDP က သတင်းထုတ်ပြန်ထားသည်။

အထက်ပါဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည့် အစည်းအဝေးသို့ ပါတီဥက္ကဌ ဦးသန်းဌေးနှင့် ဒုတိယဥက္ကဌ၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုအတွင်းရေးမှူးများ၊ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ပါတီဥက္ကဌများ တက်ရောက်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags