ဆားမလောက် အရက်အဆီချက်စက်ရုံ ပိတ်သိမ်းပစ်ရန် ရှိ မရှိ တိုင်းအစိုးရအား လွှတ်တော်ကိုယ်စားလှယ်မေး

ဆားမလောက် အရက်အဆီချက်စက်ရုံ ပိတ်သိမ်းပစ်ရန် ရှိ မရှိ တိုင်းအစိုးရအား လွှတ်တော်ကိုယ်စားလှယ်မေး

ပုသိမ်၊ စက်တင်ဘာ ၃၀ ။                ။ ညောင်တုန်းမြို့နယ်ရှိ အရက်ချက်စက်ရုံ ကျသင့် အခွန်ငွေ မှန်ကန်စွာ မပေးသွင်းဘဲ  လည်ပတ်နေသော အရက်ချက် စက်ရုံမှ ရေဆိုး အညစ်အကြေးများ တာဝန်မဲ့ စွန့်ပစ်နေမှုကြောင့် စက်ရုံပိတ်သိမ်း အရေးယူရန် ရှိမရှိ နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မည့်ကဲ့သို့ စီမံဆောင်ရွက်ထားသည်သိရှိလိုကြောင်း တိုင်းဒေသကြီး လွှတ်တော်တွင် မေးခွန်း မေး မြန်းခဲ့သည်။

စက်တင်ဘာလ ၃၀ ရက်နေ့က ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် တတိယ ပုံမှန်အစည်းဝေးတွင် ညောင်တုန်းမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါ်နီနီမိုးက မေးမြန်းခဲ့ခြင်း ဖြစ်သည်။

" စက်ရုံသည် လူနေရပ်ကွက်အတွင်း ဖြစ်ခြင်း၊ ပန်းလှိုင်မြစ်ကို မေးတင်တည်ဆောက်ထားခြင်း၊ မူလတန်းကျောင်း၊ ဘုန်း ကြီး ကျောင်းနှင့် ကပ်လျက်ရှိခြင်း၊ ရဲစခန်းနှင့် မျက်နှာခြင်းဆိုင်   တောင်သူလယ်သမား ဆေးရုံ၏ မလှမ်းမကမ်းရှိနေခြင်း စည်ပင်သာယာ ဥပဒေ စက်ရုံ အလုပ်ရုံများ ဥပဒေ၊ ဒေသန္တရ ကျန်းမာရေး ဥပဒေ၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဥပဒေ၊   ကျေးရွာ အက်ဥပဒေတို့နဲ့ မညီဖြစ်နေကြောင်း” ညောင်တုန်းမြို့နယ်တိုင်းဒေသကြိးကိုယ်စားလှယ် ဒေါ်နီနီမိုးက လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

ကျားမင်းကြီး(KMG)၊ မန်းရွှေရီ(MSY)၊ ဆားမလောက်(SML) စက်ရုံ ၃ရုံ ခေါင်းတိုင် ၆ တိုင်အား ၁၂ နာရီ 1duty လျှင် ဂါလံ ၉၀၀၀ ကျ စက်ရုံဖြစ်ပြီး တစ်နေ့ အနည်းဆုံး ဂါလံ ၁၈၀၀၀ ထွက်ရှိနေသော် လည်း နိုင်ငံတော်သို့ ဂါလံ၆၀၀၀ နှုန်းဖြင့် သာ အခွန်ဆောင်နေကြောင်း ကြားသိရကြောင်း ဒေါ်နီနီမိုးက လွှတ်တော်တွင် ပြောကြားခဲ့သည်။

ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာ ပန်းလှိုင်မြစ်ဘေး မြေ ၄ဧက ပေါ်တွင် ၂၀၀၉ခုနှစ် စက်တင်ဘာလ စတင် လည်ပတ်သော် အရက်အဆီချက်စက်ရုံဖြစ်သည်။

အဆိုပါ မေးခွန်းနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး  စက်မှုလက်မှုစွမ်းအင် ဝန်ကြီး ဦးဝင်းဌေး က "ကျွန်တော်တို့ အစိုးရအဖွဲ့က စစ်ဆေးခြင်း   ညွန်ကြားခြင်းများ   ပြုလုပ်ထားပါတယ်၊ အဖွဲ့ဖွဲ့ပြီးစေလွှတ်ခဲ့ ပါ တယ်။ စွန့်ပစ်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းနဲ့ မညီလျှင်ပိတ်သိမ်းဖို့ ညွန်ကြားခဲ့ပါတယ်၊ ဒေသခံပြည်သူတွေ အကျိုးစီး ပွား အလို့ဌာ စက်ရုံ ဒီနေရာမှာ ဆက်လက်လည်ပတ်ရန်မသင့်တော်ဘူးဆိုရင် ပြည်ထောင်စုအစိုးရအဖွဲ့ ညွန်ကြားချက်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကြိုးစားမှုနဲ့ နည်းလမ်းမှန်စွာနဲ့ စက်ရုံကိုပိတ်သိမ်းတယ်အထိ ကြိုးစား   ဆောင်ရွက်မည်”ဟု ပြန်လည်ဖြေဆိုခဲ့သည်။

ထို့ပြင် စက်ရုံအား ၂၆ရက်နေ့က ပိတ်သိမ်းထားပြီး ဆက်လက်လည်ပတ်နေပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း  ဝန်ကြီးက ဆက်လက်ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly