တိုင်းရင်းသား အဆင့်မြင့်ညှိနှိုင်းကိုယ်စားလှယ် အဖွဲ့နှင့် အစိုးရ ကိုယ်စားလှယ်တို့ ချင်းမိုင်တွင် ယနေ့တွေ့ဆုံမည်

တိုင်းရင်းသား အဆင့်မြင့်ညှိနှိုင်းကိုယ်စားလှယ် အဖွဲ့နှင့် အစိုးရ ကိုယ်စားလှယ်တို့ ချင်းမိုင်တွင် ယနေ့တွေ့ဆုံမည်

ချင်းမိုင်၊ ဇူလိုင် ၁၄ ။    ။ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ပါဝင် ဖွဲ့စည်းထားသော အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စား လှယ်အဖွဲ့(Senior Delegation-SD) နှင့် အစိုးရ ကိုယ်စားလှယ်တို့ ဇူလိုင်လ ၁၅ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင်တွေ့ဆုံကာ အကြို ညှိနှိုင်းဆွေးနွေး မည်ဖြစ်သည်။

တတိယပတ်အတွင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်း (NCA) နှင့် ပတ်သက်၍ အမြန်ဆုံး ရန်ကုန်မြို့ တွင်တွေ့ ဆုံဆွေးနွေးနိုင်ရေးအတွက် အကြိုညှိနှိုင်းဆွေးနွေးမှုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Woodfield Resort တွေ့ဆုံဆွေးနွေး ကြမည်ဖြစ် သည်။

“သူတို့နဲ့ အဓိကတော့ ပြီးခဲ့တဲ့ အပတ်က ဝန်ကြီး ဦးအောင်မင်းနဲ့ ဆွေးနွေးခဲ့တဲ့အပေါ်မှာ ထပ်ပြီးတော့ ရန်ကုန်မှာ အစည်းအဝေး လုပ်ပြီးတော့ NCA အချောသတ်နိုင်ဖို့အတွက် လိုအပ်တာတွေ လာပြီး  ညှိနှိုင်းတင်ပြတာပါပဲ။

ရန်ကုန်မှာ အစည်းအဝေးလုပ်နိုင်ဖို့နဲ့ အစည်းအဝေးကချောချောမွေ့မွေ့ နဲ့ အင်န်စီအေ ပြီးပြတ်နိုင်ဖို့ ကြိုတင်ပြီးတော့ ကျွန်တော်တို့ က လိုအပ်တာတွေ လာတင်ပြပြီးတော့ လာဆွေးနွေးတာပါ”ဟု MPC မှ ဦးလှမောင်ရွှေက ပြောသည်။

ဇူလိုင် ၁၅ရက် နံနက်ပိုင်း ၉ နာရီမှ ၁၀ နာရီထိ SD ကိုယ်စားလှယ်များ၏ အစည်းအဝေး ပြုလုပ်ပြီးနောက် ၁၀ နာရီခွဲချိန်တွင် အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး မည်ဟု ၎င်းက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ၏ ကိုယ်စားလှယ် မြန်မာငြိမ်းချမ်းရေး စင်တာ(MPC)မှ ဦးလှမောင်ရွှေ ဦးဆောင်၍ ဒေါက်တာ မင်းဇော်ဦး၊ ဦးညိုအုန်းမြင့် တို့ အပါအဝင် ၄ ဦးတို့ တက်ရောက် ဆွေးနွေးမည် ဖြစ်ကြောင်း MPC မှ ဦးလှမောင်ရွှေက ပြောသည်။

အစိုးရ ကိုယ်စားလှယ်များနှင့် အကြိုညှိနှိုင်း တွေ့ဆုံဆွေးနွေးရန်ရှိပြီး SD မှ ခေါင်းဆောင် နော်စီဖိုးရာစိန် ဦးဆောင် တက်ရောက် မည်ဖြစ်ကြောင်း SD မှ အဖွဲ့ဝင် ပဒိုကွယ်ထူးဝင်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ၊ ၄ ရက်များတွင် UPWC နှင့် SD တို့ နှစ်ရက်သာ တွေ့ဆုံဆွေးနွေးမှု၌ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ၏ လော်ခီးလာ ညီလာခံက ပြင်ဆင် ဖြည့်စွက် ထားသည့် တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး မူကြမ်း ၁၂ ချက်ကို ဆက်လက် ဆွေးနွေးရန် သဘောတူညီခဲ့သည်။ ပထမနေ့တွင် အဆိုပါ အချက် ၁၂ ချက်ကို အစည်းအဝေး မှတ်တမ်းအဖြစ် ထားရန် ဝန်ကြီးဦးအောင်မင်းဘက်က တောင်းဆိုခဲ့သည်။

၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ၇ ကြိမ်မြောက် တရားဝင် တွေ့ဆုံဆွေးနွေးခဲ့ရာမှ ယနေ့ထိ တွေ့ဆုံမှု ရပ်ဆိုင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly