ဘရာဇီးအကျဉ်းထောင်တစ်ခု၌ အကျဉ်းသား ၂၀၀ ခန့် ထောင်ဖောက်ပြေး၊ အများစုကို ပြန်လည်ဖမ်းမိဟု ဆို

ဘရာဇီးအကျဉ်းထောင်တစ်ခု၌ အကျဉ်းသား ၂၀၀ ခန့် ထောင်ဖောက်ပြေး၊ အများစုကို ပြန်လည်ဖမ်းမိဟု ဆို

စက်တင်ဘာ ၃၀ ။          ။ ဘရာဇီးနိုင်ငံရှိ လုံခြုံရေးလျော့ရဲသည့် အကျဉ်းထောင်တစ်ခုမှ အကျဉ်းသား ၂၀၀ ခန့် ထောင်ဖောက်ထွက်ပြေးမှုတစ်ခု စက်တင်ဘာ ၂၉ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ၎င်းတို့ထဲမှ အများစုကို နာရီပိုင်းအကြာတွင်ပင် ပြန်လည်ဖမ်းဆီးမိကြောင်း တာဝန်ရှိသူများက ပြောသည်။

ဆော်ပေါလိုမြို့ အနောက်မြောက်ပိုင်း မိုင် ၁၀၀ (ကီလိုမီတာ ၁၆၀) အကွာရှိ ဂျာဒီနိုပိုလစ် အကျဉ်းထောင်မှ အကျဉ်းသားများ လွတ်မြောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် ထောင်ဝန်ထမ်းများ သို့မဟုတ် အကျဉ်းသားများ သေဆုံးမှု ရှိမရှိကို သိရှိရသေးခြင်းမရှိသေးပေ။ အလားတူ လွတ်မြောက်သွားသော ကျန်အကျဉ်းသားများ၏ အခြေအနေနှင့်ပတ်သက်၍လည်း မသိရသေးပေ။

အခင်းဖြစ်ချိန်က အကျဉ်းသားများသည် အကျဉ်းခန်းများတွင် မီးရှို့ကာ ဝရုန်းသုန်းကားအခြေအနေတစ်ရပ်ကို ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။ ယင်းနောက် ထောင်ဝန်ထမ်းများက အခြေအနေကို ထိန်းသိမ်းရန် ကြိုးပမ်းလာစဉ် ၁၃ ပေ (၄မီတာ) အမြင့် နံရံတစ်ချပ်ပါကို ပြိုလဲသွားသည့်အတွက် ယင်းမှတဆင့် ကြံခင်းများနှင့်အနီးအနားမြစ်ဆီသို့ အကျဉ်းသားအများအပြား ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်သည်။

ပြည်တွင်းသတင်းစာတစ်ခု၏ အဆိုအရ ယင်းအကျဉ်းထောင်မှာ အများစု အကျဉ်းသားဦးရေ ၁,၀၀၀ ခန့်သာ ထိန်းသိမ်းနိုင်ရန် တည်ဆောက်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ၁,၈၀၀ ကျော်အထိ ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly